Head Banner
   ဗုဒ္ဓသာသနံစိရံတိဋ္ဌထု
  လန်ဒန်ဝိဟာရ
 Grey Arrow  သီတင်းသုံးသံဃာတော်များ
 Grey Arrow  ၀ိဟာရ၏နောက်ခံသမိုင်း
 Grey Arrow  ၀ိဟာရ၏တည်နေရာ
 Grey Arrow  ၀ိဟာရ၏ အကျိုးဆောင်များ
 Grey Arrow  ၀ိဟာရသို့ ဆက်သွယ်ရန်
  အလှူဒါနပြုကြသူငါ
 Grey Arrow  ဆွမ်းဆက်ကပ် လှူဒါန်းသူများ
 Grey Arrow  ပစ္စည်းလေးပါးအလှူရှင်များ
 Grey Arrow  ၀ိဟာရပြုပြင်ရန်အလှူရှင်များ
 Grey Arrow  ၀ါဆိုသင်္ကန်းအလှူရှင်များ
 Grey Arrow  ကထိန်သင်္ကန်းအလှူရှင်များ
  စိတ်ဝင်စားစရာ
 Grey Arrow  ဓမ္မစာစောင်များ
 Grey Arrow  တရားတော်များနာယူရန်
 Grey Arrow  ရုပ်မြင်သံကြားတရားတော်များ
 Grey Arrow  ၀ိဟာရ၏ဓါတ်ပုံမှတ်တမ်းများ
 Grey Arrow  ၀ိဟာရ၏ဗီဒီယိုမှတ်တမ်းများ
 Grey Arrow  ရက်ရာဇာပြဿဒါးပြက္ခဒိန်
 
 
Left စိန်ရတုတိုင် မမေ့နိုင်ပါ Right
 
မုဒုံဆရာတော်
ဟလို မုဒုံကြီး နေကောင်းပါရဲ့လား? တဲ့။,BR>
အကြောင်းကြောင်းတွေကြောင့် ဒီအသံနဲ့ ဒီဟန်ခေါ်ပုံမျိုးကို မကြားရတာလဲ ကြာပါပြီ မတွေ့ရတာလဲ ကြာပါပြီ အသံပိုင်ရှင်ကို မမြင်ရတာလဲ ငါးနှစ်တာမျှ ရှိခဲ့ပါလေပြီ။ သို့သော်လဲ အသံပိုင်ရှင် မည်သူမည်ဝါ ဖြစ်သည်ကိုတော့ ပြောဟန်ဆိုဟန် လေယူလေသိမ်း ကြားလိုက်တာနဲ့ ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာ မလိုပါပဲ သာယာကုန်း ဆရာတော်ပဲဆိုတာ သိလိုက်ပါတယ်။

နေကောင်းပါတယ် ဆရာတော် ဆရာတော်လဲ နေကောင်းရဲ့ မဟုတ်လား? ဘယ်ရောက်နေပါလဲဘုရား? မြန်မာနိုင်ငံက ဆက်တာလား? လို့ မေးလိုက်တော့ Malaysia မှာ ၀ါကပ်ဖြစ်တယ်လေ တဲ့၊ Malaysia ကပဲ ဆက်တာပါတဲ့။

ဆရာတော်တို့နဲ့ အဆက်အသွယ် ပြတ်နေတာကလဲ နှစ်တွေကြာပြီလေ ဆရာတော်က နိုင်ငံတကာ လှည့်နေတဲ့ International ဆရာတော်ကြီးဆိုတော့ American ကို တတိယအကြိမ် ကြွပြီး အဲဒီကများ ဆက်သလားလို့ မေးမိတာပါ။

အရှင်ဘုရားကို ပြောစရာအထူးရှိတယ်တဲ့။

ဘာများလဲဆရာတော် ကျောင်းတွေများနေလို့ ကျောင်းလွဲပေးမလို့လား? မြ၀တီနဲ့ သာယာကုန်း ရိပ်သာကိုတော့ လက်မခံဘူးနော် ကျိုက်ထီးရိုးဆိုရင် စဉ်းစားမယ်လို့ ပြောလိုက်တော့ ကိုယ်တော်စဉ်းစားမနေနဲ့ သူနေရာနဲ့သူ ပုဂ္ဂိုလ်မှန် နေရာမှန် ဖြစ်နေကြပြီတဲ့။

ဝမ်းသာပါတယ်ဆရာတော်ရယ် စကားအဖြစ်ပြောတာပါ၊ ဘာများအထူး မိန့်မလို့ပါလဲဘုရား? လို့ လျှောက်လိုက်ပါတယ်... ဒီနှစ် တပည့်တော် အသက် (၇၅) ရောက်ပြီလေ အဲဒါ စိန်ရတုပွဲ လုပ်မလို့၊ အရှင်ဘုရား လာနိုင်သည်ဖြစ်စေ.. မလာနိုင်သည်ဖြစ်စေ.. အမှတ်တရ စိန်ရတု စာစောင် ထုတ်မယ်၊ စာမူတစ်ခု သီတင်းကျွတ်တာနဲ့ ပို့ပေးပါ၊ အရှင်ဘုရား ရေးလိုတာကိုသာရေးပါ အဆင်ပြေသလိုပေါ့တဲ့။

တပည့်တော်ရဲ့ အကြောင်းတွေ ရေးရမှာလား? ဆရာတော်လို့ မေးလိုက်မိပါတယ် ကိုယ်တော်အကြောင်း ရေးခြင်ရင် ကိုယ်တော်ရဲ့ စိန်ရတုကြမှ ရေးပေါ့တဲ့။ တပည့်တော် အိပ်မက်တောင် မက်လို့မရသေးပါဘူး ဆရာတော်ရယ် စိန်ရတုဆိုတာ အဝေးကြီးရှိပါသေးတယ်။ ဆရာတော်ကိုစတာပါ မစရတာကြာလေတော့ သတိရနေလို့ပါ။ တပည့်တော်ဆောင်းပါး ရေးဘူးရေးစတော့ မရှိပါဘူး စာမူတစ်ခုဖြစ်အောင် ကောင်းကောင်း ရေးတတ်မှာတော့ မဟုတ်ဘူးနော်ဆရာတော်.. ရေးရင်လဲ ဖတ်လို့အဆင်ပြေမှာ မဟုတ်ပါဘူး။ စာရေးဆရာ အကျော်အမော်တွေ အများကြီးထဲမှာ အဆင်မပြေနဲ့ အရှက်ရနေပါဦးမယ်၊ တပည့်တော်ရဲ့ ဆောင်းပါးကြောင့် ဆရာတော်ရဲ့ စိန်ရတု စာစောင်ကြီး ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ် ဖြစ်နေပါဦးမယ်လို့ လျှောက်လိုက်ပါတယ်။

ရေးတတ်သလိုသာရေးပါ၊ ကိုယ်တွေ့ကြုံခဲ့ရတာတွေ ပြီးတော့ တပည့်တော်နဲ့ သွားခဲ့ဘူးတဲ့ ဓမ္မခရီးစဉ် တစ်ခုခုပေါ့။ စာရေးတာ ရှက်စရာ မဟုတ်ပါဘူး။ နောက်တော့ စာရေးရင်းန့ပဲ ရေးပါများလာရင် ရေးတတ်သွားမှာပါ အမှတ်တရပေါ့။ ခရီးသွား မှတ်တန်းတွေ များများရေး၊ အရှင်ဘုရားသွားလာခဲ့တဲ့ နိုင်ငံခြား ခရီးစဉ် မှတ်တန်းကို ရေးတတ်သလိုရေးထား၊ နောက်ကြာရင် အဲဒါတွေက ရွှေတွေဖြစ်လာမှာ၊ အခြားသူတွေလဲ ဒီလိုပဲ မရေးတတ်ရာက စလာကြတာပဲ၊ မွေးကထဲက ရေးတတ်သူ တစ်ယောက်မှ မရှိသေးဘူး၊ ကြာလာရင် အရှင်ဘုရားလဲ ရေးတတ်သွားမှာပါ ၀ါသနာပါဖို့က အဓိကပဲ မဟုတ်လားတဲ့။

ကောင်းပါပြီဘုရား ကျေးဇူးတင်ပါတယ် ဆရာတော် ကျိုးစားပြီး ရေးကြည့်ပါမယ် အဆင်ပြေ မပြေတော့ မသိဘူး ဖတ်လို့တော့ ရမှာပါ။ အဆင်မပြေ ရှိခဲ့ရင် တပုဒ်လုံးသာ ပြင်လိုက်ပါလို့ တောင်းပန်စကားပြောရင်း ဒေသန္တရ ဗဟုသုတ စကားများကိုပြောကြ၊ ဟိုအကြောင်း ဒီအကြောင်း ပြောကြရင်းနဲ့၊ အချိန်တွေ အများကြီးအတွင်းမှာ စကားတွေအများကြီး ပြောဖြစ်သွားခဲ့ကြပါတယ်။

ဤအရှင်နှင့် သာယာကုန်းဆရာတော်တို့ တွေ့ဆုံခဲ့ကြသည်မှာ ငွေရတုအလွန်တော့ ရှိခဲ့ကြပါပြီ၊ သာယာကုန်းဆရာတော်က ၁၉၈၀-ခုနှစ်မှာ မွန်ပြည်နယ် သာယာကုန်း မဟာစည် သာသနာ့ရိပ်သာကို သာသနာပြု ကြွရောက်ခဲ့ပါတယ်၊ ဤအရှင်က ၁၉၈၁-ခုနှစ်မှာ မွန်ပြည်နယ် မုဒုံမြို့ မဟာစည် သာသနာ့ရိပ်သာကို သာသနာပြု ကြွရောက်ခဲ့ပါတယ်၊ ယခင်က သိကြွမ်းမှု ခင်မင်မှု ရင်းနှီးမှု မရှိခဲ့ကြပေမဲ့ မွန်ပြည်နယ် ရောက်လာတော့ ညီအကို အရင်းတမျှ တပြည်နယ်ထဲမှာ သာသနာပြုကြရင်းဖြင့် မဟာစည်ညီနောင် ဖြစ်ခဲ့ကြတာပါ။ ဒါဟာလဲ အတိတ်သမိုင်းပေး တာဝန်တစ်ခုလို့ပဲ မှတ်ယူမိပါတယ်။

ဘာကြောင့်လဲဆိုတော့ အနန္တကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ကြီးက သာဟာကုန်းမဟာစည် သာသနာ့ရိပ်သာ မြေနေရာကို ဆရာတော်ဘဒ္ဒ န္တ၀ိစာရိန္ဒအား သာသနာပြု တာဝန်ပေးအပ်ပါတယ်။

မုဒုံမြို့မဟာစည် သာသနာ့ရိပ်သာ မြေနေရာကိုတော့ ဤအရှင်အား သာသနာပြု တာဝန်ပေးအပ် လာခဲ့တာကိုက အလွန်ထူးခြားမှု ရှိနေပါတယ်လို့ ဆိုရမှာပါ။ ရှေးက ကုသိုလ်ရေစက် ရှိခဲ့ဘူး ပြုဘူးခဲ့ကြတဲ့ နေရာဒေသတွေလို့ ပြောရမလားပဲ၊ မရည်ရွယ်ပါပဲနဲ့ စော်ကဲမင်းဖြစ်သလို နှစ်ပါးစလုံး ရောက်ခဲ့ကြတာပါ။

များသောအားဖြင့်တော့ ကျောင်းတွေ ရိပ်သာတွေ အသစ်တည်ထောင်ကြတယ်ဆိုတာ ကိုယ်တိုင်သာသနာပြုဖို့၊ သို့မဟုတ် ရည်ရွယ်ထားသူ သာသနာပြုဖို့ တည်ထောင်ကြတာက များပါတယ်။ ဤမြေနေရာ နှစ်ခုမှာကတော့ မဟာစည်သာသနာ့ရိပ်သာ ဖြစ်မြောက်ရန်အတွက် ရည်ရွယ်ပြီး ပုဂ္ဂိုလ်စွဲကင်းကင်းနဲ့ သာသနာ့ဒါယကာကြီး ဦးစံတင် (အေးဆေးထိုက်ပိုင်ရှင်)က သူပိုင်ခြံမြေကိုခွဲပြီး သာယာကုန်း မဟာစည်သာသနာ့ရိပ်သာ မြေနေရာကို လှူဒါန်းခဲ့ပါတယ်။ ထိုအတူပါပဲ.. မုဒုံမြို့မဟာစည် သာသနာ့ရိပ်သာ မြေနေယာကိုတော့ မဟာစည်ယောဂီ တစ်စုက စုပေါင်းဝယ်ယူပြီး လှူဒါန်းခဲ့ကြတာပါ။ အနန္တကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ကြီး ကိုယ်တော်တိုင် ရေစက်ချ အလှူခံခဲ့တာပါပဲ။ ခုနှစ်အပိုင်းအခြားတော့ မမှတ်မိပါဘူး။ ထိုစဉ်အချိန် အခါက ဤအရှင်နှစ်ပါးစလုံး တရားအားထုတ်ဆဲ ယောဂီမျှသာ ရှိနေကြပါသေးတယ်။ သာယာကုန်းမဟာစည် သာသနာ့ရိပ်သာကတော့ ဘယ်လို အကြောင်းတရားတွေ ရှိခဲ့တယ်မသိပါဘူး၊ သာသနိက အဆောက်အဦးတွေကတော့ လေးဧကမြေမှာ ယခုအချိန် အပြည့်ပါပဲ။ ဤအရှင်သာသနာပြုရာ မုဒုံမဟာစည် သာသနာ့ရိပ်သာ နေရာမှာတော့ ကွမ်းသီးပင်ကို တိုင်လုပ်ပြီး ဓနိမိုး ၀ါးထရံကာနဲ့ တဲကြီးတစ်လုံး ဆောက်လုပ်ထားပါတယ်။ မြေနေရာကတော့ ဧက တစ်ဝက်လောက်သာရှိပါတယ်။ ရိပ်သာမြေ လှူဒါန်းပြီးတဲ့နောက်မှာ ကိုးကွယ်လိုသူ အများဆန္ဒအရ ရည်ရွယ်ထားခဲ့ကြတဲ့ ဆရာတော် (၂ ) ပါး ကြွရောက်ဖို့ အခြေအနေ မပေးခဲ့လို့ အနန္တကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ကြီးက ဤအရှင်ကိုခေါ်ပြီး သာသနာပြုရန် တာဝန်ပေးအပ်ခဲ့တာပါ။ မွန်ပြည်နယ် ဒါယကာ ဒါယိကာမတွေက အလွန်ကို သဒ္ဓါတရား ကောင်းကြပါတယ်၊ ကြီးပွား အောင်မြင်ပါလိမ့်မည်လို့ ဤအရှင် မုဒုံကိုကြွခါနီးမှာ နိမိတ်ထူးစကား မိန့်ဆိုတော် မူလိုက်ပါသေးတယ်။ အနန္တကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏ နိမိတ်စကားသည် အလွန်ပင်မှန်ခဲ့ပါတယ်၊ ဤအရှင် ရောက်သည်မှစလို့ ဆရာတော်ကြီး၏မေတ္တာ, ဒါယကာ ဒါယိကာမတို့၏ သဒ္ဓါတရားတွေကြောင့်, ပင်ပန်းကြီးစွာ လုပ်ဆောင်စရာ မလိုပါပဲ လွယ်ကူစွာ တိုးတက်ခဲ့ပါတယ်။ အနန္တကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ကြီး စံတော်မူသွားသည့် နောက်များမှာကတော့ ကျေးဇူးတော်ရှင် တောင်ဝိုင်းကလေး မဟာစည်ဆရာတော်ကြီး၏ မေတ္တာတော်များဖြင့် ဖြည့်စွမ်းပြီးတော့ သာသနာ့မြေ လေးဧကအထိ ၀ယ်ယူလို့ သာသနိက အဆောက်အဦးတွေနဲ့အတူ တိုးတက်အောင်မြင်ခဲ့တာ ယနေ့ထက်တိုင်ပါပဲ။ နေရာမှန် ပုဂ္ဂိုလ်မှန်ဖြစ်ဖို့ အတိတ်သမိုင်းက အထောက်အပံ့ပြုပြီး ဤအရှင်နှစ်ပါးကို ဒီနေရာကို မရောက် ရောက်အောင် ပို့ဆောင်လိုက်တာလို့ ပြောခြင်တာပါပဲ။

နာရီတွေ ရာသီတွေ အချိန်တွေ နှစ်တွေကတော့ ကြာခဲ့ပါပြီ၊ သို့ပေမဲ့ မနေ့တစ်နေ့ကမှ ဆုံခဲ့ကြုံခဲ့ရသလို ခံစားမိနေတုန်းပါ။ သွားအတူ လာအတူနဲ့ သာယာကုန်း ဆရာတော်၏ ဓမ္မဒေသနာခရီး တစ်သက်တာမှာ ဤအရှင် မပါတဲ့နေရာ မရှိသလောက်ပါပဲ။ သာယာကုန်း ဆရာတော် ဓမ္မဒေသနာခရီး ကြွသွားတယ်ဆိုရင် ဤအရှင် ပါပြီးသားပါ၊ မုဒုံဆရာတော် ဓမ္မဒေသနာခရီး ဘယ်ကြွသွားပြီလဲ မေးခဲ့မယ်ဆိုပါရင် သာယာကုန်း ဆရာတော်နဲ့ပဲပေါ့.. အဖြေက ဒါပဲထွက်ပါတယ်။ နေရာခြင်းလဲ အလှမ်းမဝေး ဒေသခြင်းကလဲ တူလေတော့.. ဟဲလို ဆိုတာနဲ့ ဆက်သွယ်ပြီးသားပေါ့။

ကိုယ်တော် ဒီရက်မှာ ခရီးစဉ်ရှိလား မရှိရင် ဒေသနာခရီးကြွမယ် လိုက်နိုင်လား? ဘယ်ခရီးစဉ်ကိုလဲ? တောင်ပိုင်းရှမ်းပြည်၊ မြောက်ပိုင်းရှမ်းပြည်၊ ရှမ်းပြည်အရှေ့ပိုင်းစသည်ပေါ့။ ခရီးတွေက အများသား၊ နယ်လှည့် ဓမ္မကထိက ဘ၀တုံးက မရောက်ဖူးသေးတဲ့ ဒေသဆိုရင် မငြင်းဘူး လိုက်ပြီးသားပဲ။ မွန်ပြည်နယ် တခွင်မှာတော့ နေရာပြစရာ ခြေရာချစရာ မရှိလောက်အောင်ကို သွားခြဲ့ကတာပါ။ တရားပွဲတွေ စခန်းပွဲတွေဆိုတာ တပတ် ဆယ်ရက် ထွက်သွားလိုက် ပြန်ရောက်လိုက်နဲ့ မွန်ဆိုတာ ကိုယ့်နေရာ ကိုယ့်ဒေသ ကိုယ့်ပြည်နယ်ပဲလေ။

ကျေးဇူးအထူး တင်ပါတယ်ဆရာတော် ဆရာတော်ရဲ့ ဘုန်းရှိန် ကံရှိန် ပါရမီအရှိန်ကိုမှီပြီး တပည့်တော်ရဲ့ ဘ၀ တ၀က်ခရီးမှာ အမှတ်ရစရာ ကုသိုလ်တွေနဲ့, ကျေနပ်နှစ်သိမ့်စရာ, ပျော်မွှေ့စရာ, အသက်ရှည် ရယ်မောစရာတွေက အများကြီးရခဲ့ပါတယ်။ သက်တောင့်သက်သာနဲ့ သွားရလာရ နေထိုင် စားသောက်ခဲ့ရတာတွေ ယနေ့ထိ မေ့မရနိုင်သလို ဆရာတော်နဲ့ အတူသွားလာရင်း ဒုက္ခသုက္ခတွေ မျှဝေခံစား ခဲ့ရတာတွေကလဲ မနဲလှပါဘူး။

အမှတ်ရနေပါသေးတယ် ဆရာတော် အညာဒေသ ရွှေဘို မြစ်ကြီးနား ဓမ္မခရီးစဉ်မှာ ခင်ဦးမြို့ရဲ့ အရှေ့ဖက်က ရွာကြီးတရွာရောက်တော့ ကျောင်းထိုင်ဆရာတော်ကြီးက ချီးမွမ်းတယ်လေ ကိုယ်တော်တိှု့နှစ်ပါးက အသားအရေ ကျန်းမာရေး အသက်အရွယ် ကောင်းကြတယ်၊ ဘာတစ်ခုမှ ပြောစရာမရှိဘူး သန်တုံးမြန်တုံးပဲ ဒီအရွယ်ဟာ ခရီးသွားဖို့ တရားဟောလို့ အကောင်းဆုံးပေါ့ဘုရားတဲ့... မွန်ပြည်နယ်က ရာသီဥတု မျှတပုံရတယ်နော်၊ အရှင်ဘုရားတို့ဒေသကို ကြားသာကြားဘူးပါတယ်၊ အလှမ်းကဝေးတော့ မရောက်ဘူးပါဘူးတဲ့၊ စကားတစ်ခု ရှိတယ်နော် မန္တလေးစကား၊ ရန်ကုန်အကြွား၊ မော်လမြိုင်အစားတဲ့ ဒါ့ကြောင့်ထင်ပါရဲ့ အရှင်ဘုရားတို့ အသားအရေက ၀၀ဖြိုးဖြိုး ဖြူဖြူဖွေးဖွေးတွေတဲ့၊ ကြည်ညိုစရာကောင်းတယ်တဲ့။ ကျောင်းထိုင် ဆရာတော်ကြီးက ချီးမွမ်းတာကို တပည့်တော် အမှတ်ရနေပါသေးတယ်။ ဆရာတော်က ပြန်လျှောက်လိုက်တယ်လေ.. မော်လမြိုင်ကလူတွေ အစားကောင်းတာ မဟုတ်ပါဘူးဘုရား စားစရာကောင်းကောင်း မော်လမြိုင်မှာ ပေါများတာကို ရည်ညွှန်းတာပါလို့ဆိုတော့ ဆရာတော်ကြီးက ဘယ်လို သဘောပေါက်တယ် မသိပါဘူး ပြုံးတော်မူတယ် မဟုတ်လား။

အဲဒီခရီးစဉ်မှာ အစားမှားပြီး ၀မ်းတွေသွားလို့ ခရီးဆုံးထိ မရောက်ပဲ မဟားတယား တ၀က်နဲ့ လှည့်ပြန်ခဲ့ရတာ တွေးမိတိုင်း ဘ၀အမောပြေ အပြုံးပီတိ အားဆေးတစ်ခွက် သောက်လိုက်ရသလိုပါပဲ အမှတ်တရ ရှိနေတုန်းပါပဲ။ စီးလာတာက အထက်တန်းတွဲက ထိုင်လိုက်ခဲ့ရတာက အိမ်သာထဲကလို့ ရယ်စရာပြောတတ်တဲ့ ဆရာတော်အတွက် အကြောင်းတိုက်ဆိုင်တိုင်း ရယ်လို့မဆုံးအောင် ပြောခဲ့သည့် ဟာသတကွက်ဖြစ်ခဲ့လို့ အမှတ်တရ ဓမ္မခရီးစဉ်လေးပေါ့။

ထူးထူးခြားခြား မေ့ပြောက်မရတဲ့ အကြောင်းအရာ တစ်ခုရှိပါသေးတယ် ဆရာတော် အပေါင်မြို့ ဧမြသာကြည် မဟာစည်သာသနာ့ရိပ်သာ အဖြစ်အပျက်ကိုပါ။ တပည့်တော်တို့ ဓမ္မခရီးစဉ် တလျောက်မှာ ဆရာတော်၏ ရဲရင့်ပြတ်သားတဲ့ သာသနာစိတ်ဓာတ်, မဟာစည်စိတ်ဓာတ်နဲ့ ဘာသာကိုထိလာရင် မချိအောင်နာခဲ့တဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်များစွာထဲက အဲဒီ မဟာစည်သာသနာ့ရိပ်သာ အဖြစ်အပျက်ဟာ တပည့်တော် အဖို့မှာတော့ မမေ့နိုင်စရာ အကြောင်းတစ်ခု ဖြစ်နေပါတယ်။ ကျိုက္ကော်သိမ်ဆိပ် သုခိတာရုံကျောင်း တရားစခန်း ကြွရင်းနဲ့ အပေါင်မြို့ ဧမြသာကြည် မဟာစည်သာသနာ့ရိပ်သာ(ကျွဲကောခြံ)ကို ဘုန်းတော်ကြီး ကျောင်းအဖြစ် အသိအမှတ် မပြုကြောင်းနှင့် နေထိုင်ဆဲ သံဃာတော်များ အမြန်ထွက်သွားရန် အမိန့်စာရွက်ကိုင်ပြီး စိတ်မကောင်းစွာ ဖြစ်နေတဲ့ (ပထမ) ရိပ်သာဆရာတော် ဦးကိတ္တိ၏မျက်နှာကို တပည့်တော် ယနေ့အထိ မြင်ရောင်နေဆဲပါ။ ကျောင်းပြဿနာ ရှိနေခဲ့တာကိုတော့ သိနေပြီးသားပါ၊ ဒီလောက် အတိုင်းအတာအထိ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါဘူး။ ဟော ယခု ဖြစ်လာပါပြီ။ ဘာလုပ်ရမည် ဘာကိုင်ရမည် အဖြေရှာမရ ဖြစ်နေတဲ့ ရိပ်သာဆရာတော်ရဲ့ စိတ်ဆင်းရဲမှုကို မျှဝေခံစား ကြည့်မိပါတယ်။

ဆရာတော်နဲ့တပည့်တော်တို့ ကျောင်းထဲဝင်လာတာနဲ့ မျော်လင့်ချက် များစွာဖြင့် အားကိုတကြီး ဆင်းလာပြီး ဆရာတော်လက်ကိုဆွဲလို့ ကျောင်းပေါ်ခေါ်သွားတာများ လွတ်သွားမှာကို တော်တော်စိုးရိမ်တဲ့ပုံ ဖြစ်နေပါတယ်။ ဒီသဘောဟာ ဒုက္ခိတ သတ္တ၀ါတို့၏ သဘာဝ အရင်းအမြစ် တစ်ခုပေမို့ ကိုယ်လဲဒီလို ဖြစ်ခဲ့ဘူးတာပါပဲလေလို့၊ ကိုယ်ခြင်းစာစိတ် ဖြစ်ပွားမိပါတယ်။

အမိန့်စာက သာသနာမြေ မဟုတ်တဲ့နေရာမှာ ရဟန်းသံဃာတော်များ သတင်းသုံး နေထိုင်ခငွ့် မရှိစေရတဲ့။

ညနေ (၅) နာရီ နောက်ဆုံးထွက်ခွါပေးရမည်ဆိုပါလား။ သာသနာစိတ်, ဘာသာစိတ်, ညှာတာစိတ်, ကင်းမဲ့သူတို့ရဲ့ လုပ်ရပ်ကိုကြည့်ပြီး ဆရာတော် မနေနိုင်တော့ပါဘူး။ မဟာစည်စိတ်ဓာတ် သာသနာစိတ်ဓာတ်တွေ အသွေးထဲ အသားထဲမှာ သွေးနဲ့အတူ ထာဝရလည်ပတ်နေတဲ့ ဆရာတော်၏ မျက်နှာတော်ကို တွေ့နေ မြင်နေကြဖြစ်တဲ့ တပည့်တော် သိနေပါတယ်လေ။. ဦးကုသလ.. လာသွားမယ် မြို့နယ်ရုံးကို၊ လူငယ်ပီပီ ဟန်ချီချီ လုပ်မနေနဲ့တော့တဲ့။

ရောက်ခဲ့ပါပြီ မြို့နယ်ရုံး တွေ့ကြပါပြီ တာဝန်ရှိသူတွေနဲ့။ အခြေအတင် ဆွေးနွေးခဲ့ကြရတဲ့ စကားတွေက သူတပြန် ကိုယ်တလှည့်ပါပဲ။ ပြောနေကြတာတွေက တစ်ခါတစ်ခါ အမှန်တရားနဲ့ ဝေးဝေးသွားတယ်။ ကိုယ့်ဖက်က အပြုသဘော ဆောင်နေပေမဲ့ သူ့ဖက်က မလိုလားအပ်တဲ့ အပျက်သဘောတွေ ပြောနေတာကများများပါ။ တာဝန်မဲ့စကားတွေနဲ့ နားရှက်ဖွယ်ဖြစ်တဲ့ ရိုင်းပြတဲ့ စကားတွေမို့ ပြန်ပြောပြခြင်စရာ မရှိအောင်ပါ။ မအောင်မြင်တော့ ချက်ချင်းကိုပဲ ထွက်လာခဲ့ကြတယ်လေ။ တပည့်တော်မှာတော့ အဲဒီလူတွေအပေါ် စက်ဆုတ်ရွံရှာတဲ့စိတ်, မကြေနပ်တဲ့စိတ်, မုန်းတီးတဲ့စိတ်နဲ့ မင်းတို့နေနှင့်ကြဦးလို့ မြို့နယ်ရုံးကို နောက်ပြန်လှည့်ကြည့် လှည့်ကြည့်လုပ်လို့ အကုသိုလ် ပွားခဲ့ရပါသေးတယ်။ မကင်းသေးသော သူတို့ရဲ့ သဏ္ဍန်မှာ ကိုယ့်အလို မပြည့်တိုင်း ဖြစ်တတ်တဲ့ သဘောတစ်ခုပါပဲလို့ ပြောပါရစေ။

နှစ်ပါးအတူ သထုံမြို့ကို တက်ခဲ့ကြပါတယ်။ ဆရာတော် ဘာဆက်လုပ်မလဲလို့ မမေးရဲဘူးလေ၊ ဟိုမှာ မဖြစ်ခဲ့တဲ့ မုန်တိုင်းတွေ ကိုယ့်အပေါ် ပြိုကျလာမှာစိုးလို့ အရိပ်အကဲကြည့်ပြီး အသာကုတ်နေလိုက်ပါတယ်။ နေ့ဆွမ်း ဘယ်မှာစားမလဲလို့ ဆွမ်းချိန်နီးနေပေမဲ့ မမေးခဲ့ပါဘူး။ ဆရာတော်ရဲ့ မျက်နှာတော်ကိုကြည့်ပြီး ဒီနေ့တော့ ဆွမ်းတနပ် အငတ်ခံရမည့်ပုံ ရှိနေပါလားလို့ စဉ်းစားမိခဲ့ပါသေးတယ်။

ကူညီပေးနိုင်မည့်သူ တစ်ယောက် ရှာရပါပြီ။

ကျိက္ကော်သိမ်ဆိပ်က ဦးကြည်သိန်းကို တွေ့ပါတယ်။ လူကငယ်ပေမဲ့ ဂုဏ်မငယ်လှပါဘူး။ သထုံ ခရိုင်ရုံးကို အကူအညီ တောင်းဖို့က သူပါမှဖြစ်မှာလေ။

တော်တော်ကို မိတ်ဆွေပေါတဲ့ ဒါယကာပါပဲ။ ချီးမွမ်းထိုက်ပါပေတယ်။ အမိတ္တဿ ကုတော သုခံ မိတ်ကောင်းမရှိက ဆင်းရဲရ၏, မိတ်ကောင်းရှိမှ ချမ်းသာသည်, ဆိုတာ အလွန်ကို မှန်ပါတယ်။ ပြီးသွားပါပြီ ကျောင်းကိစ္စ။ ဦးကြည်သိန်းရဲ့ အကူအညီနဲ့ သထုံမြို့ ခရိုင်ရုံး ဥက္ကဋ္ဌ၏ ပံ့ပိုးမှုတွေကြောင့် သံဃာတော်များ ထွက်သွားစရာ မလိုတော့ပဲ နေမြဲတိုင်းနေပြီး သာသနာပြုခွင့် ရသွားခဲ့ပါတယ်။ သဘောပေါက်သူ အချင်းချင်း ကောင်းကျိုး လိုလားသူ အချင်းချင်း ဆွေးနွေးရတာ အဖြေရှာရတာ အမှန်တရားနဲ့ အဖြေမှန်ထွက်ပါတယ်၊ နှစ်ဦးနှစ်ဖက် ၀မ်းမြောက်စရာပါပဲ၊ ကာကံရှင်အားလုံး စိတ်ချမ်းသာသွားကြပါတယ်။

ဒီလိုပါပဲလေ မျက်မှောက်လောကမှာ လူသားကမ္ဘာကြီး တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မျက်နှာချင်းဆိုင်ပြီး အဖြေမှန်ထွက်အောင် မရှာဖွေနှိုင်သေးသမျှတော့ ဆင်းရဲနေကြဦးမှာ အမှန်ပါပဲ။ ကောင်းကျိုး လိုလားသူ အချင်းချင်း ဆွေးနွေးအဖြေမှန် ရှာနှိုင်တဲ့တစ်နေ့ ချမ်းသာကြမှာပါ။ တိုးတက်ကြီးပွားလို့ ကောင်းကျိုးရလာဒ်တွေ လူသားကမ္ဘာကြီး ရသွားမှာပါ။ ယခု အပေါင်မြို့ ဧမြသာကြည် မဟာစည်သာသနာ့ရိပ်သာ အဖြစ်အပျက်က သာဓက အဖြေတစ်ခုပါပဲ။ တော်ပါပေတယ် ဆရာတော် အမယ်ဘုတ်ရဲ့ သူ့ချည်မျှင်လို ဘာသာရေး လူမှုရေးတွေ အခြေခံကစလို့ ရှုတ်နေတဲ့ အရှုတ်တော်ပုံကြီး ပြီးမြောက်သွားအောင် လွယ်ကူစွာဖြေရှင်း ဆောင်ရွက်ပေးနှိုင်တဲ့ ဆရာတော်ရဲ့စွမ်းအား၊ အညှာကဘယ်မှာရှိတယ်၊ ဘယ်ကိုကိုင်ရမယ် ဘယ်ကိုသွားရမယ်၊ ဘယ်လိုဆောင်ရွက် သင့်တယ်ဆိုတာ ကြိုတင် သိမထားတဲ့တပည့်တော်.. သဘောပေါက်သွားပါတယ် ၊ လောကရေးရာကိုလဲ နားလည်ပါဘိ၊ ကျွမ်းပါဘိ ဆရာတော်။

ယနေ့ အပေါင်မြို့ ဧမြသာကြည် မဟာစည်ရိပ်သာ ထင်ရှား တည်တန့်နေခြင်းသည် သာယာကုန်း ဆရာတော်၏ အသွေးထဲ အသားထဲမှာ လည်ပတ်နေတဲ့ သာသနာစိတ်ဓာတ် မဟာစည်စိတ်ဓာတ် စွမ်းအားနှင့် စွမ်းဆောင်မှုတို့ကြောင့် ဆိုတာကို ယခု ရဟန်း, ရှင်,လူတို့, သိကောင်းမှ သိကြမည်ဖြစ်ပါသည်။

ထိုအဖြစ်အပျက် အကြောင်းအရာတို့သည် နှစ်တွေလတွေ များစွာကျော်လွန် လာခဲ့ပြီဖြစ်လေတော့ ပမာဒ တရားကြောင့် အမှတ်ရနိုင်စရာမရှိဟု အခြားသောသူတို့ ပြောကောင်း ပြောကြပါလိမ့်မည်၊ ဤအရှင် အဖို့မှာကတော့ မေ့ပျောက်သွားဖွယ် မရှိသေးပဲ တွေးမိတိုင်း မျက်စေ့ထဲ တ၀ဲလယ်လယ် ဆိုတာလို သာယာကုန်း မဟာစည် သာသနာ့ရိပ်သာဆရာတော် {ဘဒ္ဒ န္တ၀ိစာရိန္ဒ စိန်ရတုပိုင်ရှင်}၏ ရဲရင့်ပြတ်သားတဲ့ သာသနာစိတ်ဓာတ် မဟာစည်စိတ်ဓာတ် ဘာသာကိုထိလာရင် မချိအောင်နာခဲ့တဲ့ မွန်မြတ်လှသော သာသနာ့အာဇာနီ စိတ်ဓာတ်ကို ယခုကျင်းပနေတဲ့ စိန်ရတုပွဲကြီးတိုင် မေ့မရနှိုင် အမှတ်ရနေဆဲပါ။

မုဒုံဆရာတော် (အင်္ဂလန်နိုင်ငံ လန်ဒန်ဝိဟာရ) 16.02.2010
 
Left   Right
 
 Grey Arrow ဓမ္မစာစောင်များ
 Grey Arrow ဓမ္မသင်တန်း အမှတ်စဉ် (၇)
 Grey Arrow အဆုံးနဲ့ အစ
 Grey Arrow ရောင်စုံည မုဒိတာလမင်း
 Grey Arrow ဓမ္မသင်တန်း အမှတ်စဉ် (၆)
 Grey Arrow စိန်ရတုတိုင် မမေ့နိုင်ပါ
 Grey Arrow ဓမ္မစာစောင်များအပြည်.အစုံသို.
 Grey Arrow ဓမ္မကဗျာများ
 Grey Arrow ကျောင်းအဆောက်အဦအလှူ အကျိုးတရားများ
 Grey Arrow ကထိန်သင်္ကန်းအလှူ အကျိုးတရားများ
 Grey Arrow ဆွမ်းအလှူ အကျိုးတရားများ
 Grey Arrow ဓမ္မကဗျာများအပြည်.အစုံသို.
 Grey Arrow အခြားဖတ်စရာမှတ်စရာများ
 Grey Arrow အင်္ဂလန်ခရီး မပြီးသေးပါ (၂၃)
 Grey Arrow မွေးနေ့မှာ ပေးဖြစ်တဲ့ ကံလက်ဆောင် (၂)
 Grey Arrow ကွန်ပြူတာ၊ ကီးဘုဒ်နှင့် ကြောင်းကျိုးဆက် သဘောတရား
 Grey Arrow တံခါးဝက တရားပြတဲ့ ဂုဏ်ပြုမှတ်တမ်း
 Grey Arrow ငြိမ်းချမ်းခြင်းရသ
 Grey Arrow ဖတ်စရာများအပြည်.အစုံသို.
လန်ဒန်ဝိဟာရ၏ အင်တာနက်စာမျက်နှာများကို အမေ့အိမ် (မြန်မာအစားအစာ) မိသားစုမှ ဖန်တီးလှူဒါန်းပါသည်။
ရရှိသမျှ ကုသိုလ်အဖို့ ကို သြဂုတ်လ ၆ ရက်၊ ၂၀၀၁ နေ့ တွင်ကွယ်လွန်သွားခဲ့သော အမေ့အိမ်၏မိခင်ကြီး ဒေါ်ခင်သန်းနွဲ့ အတွက်ရည်စူးအမျှ ပေးဝေပါသည်။

  Copyright 2017 LONDON VIHARA™ REGISTERED CHARITY NUMBER 284619