Head Banner
   ဗုဒ္ဓသာသနံစိရံတိဋ္ဌထု
  လန်ဒန်ဝိဟာရ
 Grey Arrow  သီတင်းသုံးသံဃာတော်များ
 Grey Arrow  ၀ိဟာရ၏နောက်ခံသမိုင်း
 Grey Arrow  ၀ိဟာရ၏တည်နေရာ
 Grey Arrow  ၀ိဟာရ၏ အကျိုးဆောင်များ
 Grey Arrow  ၀ိဟာရသို့ ဆက်သွယ်ရန်
  အလှူဒါနပြုကြသူငါ
 Grey Arrow  ဆွမ်းဆက်ကပ် လှူဒါန်းသူများ
 Grey Arrow  ပစ္စည်းလေးပါးအလှူရှင်များ
 Grey Arrow  ၀ိဟာရပြုပြင်ရန်အလှူရှင်များ
 Grey Arrow  ၀ါဆိုသင်္ကန်းအလှူရှင်များ
 Grey Arrow  ကထိန်သင်္ကန်းအလှူရှင်များ
  စိတ်ဝင်စားစရာ
 Grey Arrow  ဓမ္မစာစောင်များ
 Grey Arrow  တရားတော်များနာယူရန်
 Grey Arrow  ရုပ်မြင်သံကြားတရားတော်များ
 Grey Arrow  ၀ိဟာရ၏ဓါတ်ပုံမှတ်တမ်းများ
 Grey Arrow  ၀ိဟာရ၏ဗီဒီယိုမှတ်တမ်းများ
 Grey Arrow  ရက်ရာဇာပြဿဒါးပြက္ခဒိန်
 
 
Left ကထိန်ဒါန ဘယ်ကစ Right
 
မုဒုံဆရာတော်
ကထိန်ခေတ် နီးလာပြီဖြစ်တော့ ကထိန်သင်္ကန်း အလှူရှင်များ သဒ္ဓါတရား တိုးပွားစေရန် ရည်ရွယ်ပြီး ကထိန်သင်္ကန်း ဖြစ်ပေါ်လာပုံနဲ့ ကထိန်သင်္ကန်းသည် ရဟန်းတော်တို့အဖို့ အလွန်အရေးပါ အရာရောက်၍ ကောင်းကျိုးချမ်းသာရပုံ အလှူရှင်များအတွက်လဲ တူသောအကျိုးများကို ခံစားရပုံများ တင်ပြပေးလိုပါတယ်။

အနုဇာနာမိ ဘိက္ခဝေ ၀ဿံဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ(၀ိနယ-ပါဠိတော်)

ရဟန်းတို့ ၀ါဆိုလပြည့်ကျော် (၁) ရက်နေ့တွင် ၀ါဆို၍ သီတင်းကျွတ်လပြည့်နေ့ ပ၀ါရဏာပြုပြီူးလျှင် ၀ါမှ ထတော်မူကြသော ရဟန်းတော်တို့အား အာနိသင်ငါးဝ အကျိုးရသည့် ကထိန်သင်္ကန်း အလှူတော်ကို ငါဘုရား ခွင့်ပြုတော်မူသည် ဟု

ဘုရားအဖြစ်သို့ ရောက်တော်မူလို့ (၁၄)၀ါမြောက် သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူခိုက်မှာ ခွင့်ပြုတော်မူခဲ့ပါတယ်။ ကထိန်သင်္ကန်း ခွင့်ပြုတော်မူခြင်းဟာ အကြောင်းမဲ့မဟုတ်ပါဘူး၊ ပါဝေယျက အမည်ရတဲ့ ရဟန်းတော် သုံးကျိပ်တို့သည် ခြောက်ယူဇနာ ကွာဝေးတဲ့နေရာမှ မြတ်စွာဘုရား သီတင်းသုံးတော်မူတဲ့ သာဝတ္ထိပြည်သို့ ရွံ့တွေညွံတွေ ရေတွေထဲမှာ ဖြတ်သန်းလာခဲ့ကြရတယ်၊ အထပ်ထပ်ချုပ်စပ်ထားတဲ့ ပံ့သကူသင်္ကန်းတွေက ရေတွေစိုလို့ ဖိုသီဖတ်သီနဲ့ ပင်းပန်းကြီးစွာ ဘုရားထံလာကြတဲ့ ရဟန်းတော် သုံးကျိပ်ရဲ့ ပင်ပန်းဆင်းရဲမှုကို သိတော်မူ မြင်တော်မူလို့ ဘုရားရှင်က ကရုဏာကြီးစွာ ကထိန်သင်္ကန်းကို ခွင့်ပြုတော်မူတာပါ။

မြတ်စွာဘုရားရှင် ရွှေလက်ထက်တော် အခါတုံးက ရဟန်းတော်တွေဟာ ၀ါဆိုရန် နီးကပ်လာပြီဆိုရင် ဘယ်အရပ်မှာပဲနေနေ မြတ်စွာဘုရားရှင် ရှိတော်မူရာကို လာရောက်ဖူးမျှော် ကန်တော့ခြင်းအလေ့ ရှိကြပါတယ်။ မြတ်စွာဘုရားရှင်နဲ့ ၀ါတွင်းလေးလ ကာလပတ်လုံး ကင်းကွာ နေကြရမှာဖြစ်လို့ မြတ်စွာဘုရားထံ လာရောက်ဖူးမြော် လိုသူတို့ကဖူးမြော် - ကမ္မဋ္ဌာန်း တောင်းလိုသူတို့က ကမ္မဋ္ဌာန်းတရား တောင်းကြဖို့ပါပဲ။ မြတ်စွာဘုရားရှင်က သင့်လျော်တဲ့သြ၀ါဒ ပေးသင့်သူကို သြ၀ါဒပေး- ကမ္မဋ္ဌာန်းတရား ပေးသင့်သူကို ကမ္မဋ္ဌာန်း ပေးတော်မူပါတယ်။ ဒီလို ဆောင်ရွက်မှုကို ပြုတော်မူကြပြီးမှ မိမိတို့ဆိုင်ရာ ၀ါဆို ၀ါကပ်မူကြမည့် ၀ါဆိုကျောင်းရှိရာသို့ ကြွရောက် ၀ါကပ်တော်မူလေ့ ရှိကြပါတယ်။

သီတင်းကျွတ်လို့ ပ၀ါရဏာ ပြုပြီးပြီဆိုတော့လဲ ဒီလိုပါပဲ မြတ်စွာဘုရားရှင် သီသင်းသုံး နေထိုင်တော်မူရာသို့ လာရောက်ဖူးမြော် ကန်တော့လေ့ ရှိကြပြန်ပါတယ်။ သီတင်းဝါလ ကျွတ်တဲ့အခါ လာရောက်ဖူးမြော် ကန်တော့ကြတာကတော့ မိမိတို့ ၀ါတွင်းလေးလ ကာလပတ်လုံး နေထိုင်ကျင့်သုံး ခဲ့ကြရတဲ့ အကြောင်းအရာနဲ့တကွ အားထုတ်ရှုမှတ် ပွားများခဲ့ကြတဲ့ ကမ္မဋ္ဌာန်းတရားများကို လျှောက်ကြားကြရန် ဖြစ်ပါတယ်။ ယခု ကထိန်ခွင့်ပြုရန် ဖြစ်ပေါ်လာခဲ့ရတဲ့ ပါဝေယျက ရဟန်းတော် သုံးကျိပ်မှာလဲ ဒီလိုပါပဲ သီတင်းဝါလကျွတ်လို့ ဘုရားရှင်ထံ ဖူးမြော်ကန်တော့ရန် ရောက်လာကြတဲ့အခါ ဆင်းရဲပင်ပန်းစွာ လာကြရတာကို ဘုရားရှင် သိတော်မူလို့ ထိုရဟန်းတော်တို့အား သနားခြင်း ကရုဏာကြီးစွာ ဖြစ်တော်မူသဖြင့် အနာဂါတ် သာသနာမှာ ရဟန်းတော်များ သင်္ကန်းနှင့်ဆက်စပ်၍ ပင်ပန်းမှု မဖြစ်ကြရလေအောင် ချမ်းသာမည့် နည်းလမ်းကို ဘုရားရှင် ဆင်ခြင်တော်မူတဲ့အခါ အာနိသင်ငါးပါး အကျိုးရနိုင်မည့် ကထိန်ကို ခွင့်ပြုလျှင်ဖြင့် ချမ်းသာကြမည်ကို မြင်တော်မူပါတယ်။ ရှေးဘုရားရှင်တို့ ဒီလိုကထိန် ခွင့်ပြုရိုးရှိ- မရှိကို ဆင်ခြင်တော် မူပြန်တဲ့အခါ ရှေးရှေးဘုရားရှင် တို့သည်လဲ ခွင့်ပြုတော်မူရိုး ရှိတာကို မြင်တော်မူတဲ့အတိုင်း အနုဇာနာမိ ဘိက္ခဝေ စတဲ့ အထက်မှာ ပြဆိုခဲ့တဲ့အတိုင်း ခွင့်ပြုချက် အမိန့်တော်ကို မိန့်ဆိုပညတ်တော်မူခဲ့ပြီး ရဟန်းတော်များ ရရှိနိုင်တဲ့ ကထိန်အာနိသင် ငါးပါးကို ထိုရဟန်းတော် သုံးကျိပ် အကြောင်းပြု၍ ဟောကြားတော် မူခဲ့ပါတယ်။

ပါဝေယျက ရဟန်းတော် သုံးကျိပ်ဆိုတာ သာမာန်ပုဂ္ဂိုလ်များတော့ မဟုတ်ကြပါဘူး၊ ဘုရားရှင်နှင့် အတိတ်ဘ၀များစွာက ပါရမီအကျိုးဆက် ပြုဘူးသူများသာ ဖြစ်ကြပါတယ်။ တုဏ္ဍိလဇာတ်တော်၌ အရက်သမား သုံးကျိတ် ဖြစ်ခဲ့ကြစဉ် ဘုရားအလောင်းတော် မဟာတုဏ္ဍိလ ၀က်မင်း၏ အဆုံးအမ သြ၀ါဒတရားကို ကြားနာ၍ ငါးပါးသီလကို ကောင်းစွာ စောင့်ရှောက်နိုင်ခဲ့ကြတယ်။ ထိုကုသိုလ်၏ အကျိုးဆက်သည် ရှေးရှေးဘုရားရှင်တို့ သာသနာတော်၌ သူတော်ကောင်းတရားကို ကြားနာခြင်း၊ သရဏဂုဏ် ဆောက်တည်ခြင်း၊ အလှူပေးခြင်း၊ သီလစောင့်ထိန်းခြင်း၊ သမထဘာဝနာ ၀ိပဿနာ-ဘာဝနာတို့ကို ပွားများအားထုတ်ခြင်းစသော ၀ိဝဋ္ဋနိဿိတ ကုသိုလ်များစွာကို ပွားများခွင့် ပြုလုပ်ခွင့် ရခဲ့ကြပါတယ်။ နောက်ဆုံးဘ၀၌ ဂေါတမဘုရားရှင် ပွင့်တော်မူသောအခါ ကောသလတိုင်း သာဝတ္ထိပြည် ကောသလမင်းကြီး၏ အဖေတူ အမေကွဲ ညီတော် တော်စပ်ကြသည့် မင်းသား သုံးဆယ်(ဘဒ္ဒ၀ဂ္ဂီ ညီနောင် သုံးကျိပ်) တို့ ဖြစ်လာကြပါတယ်။

မြတ်စွာဘုရားရှင် ဗာရာဏသီပြည် မိဂဒါဝုဏ်တောမှာ ပဉ္စ၀ဂ္ဂီငါးပါး၊ ယဿအမှူးပြုသော ရဟန်းတော် ငါးဆယ့်ငါးပါး တို့နှင့်အတူ ၀ါဆိုဝါကပ်တော်မူ၍ ၀ါကျွတ်လပ်သော် ဥရုဝေလ ဓမ္မခရီးစဉ်ကို ကြွချီရင်းနဲ့ ကပ္ပာသိက တောအုပ်၏အတွင်း အ၀ိုင်းအ၀န်းအားဖြင့် ကောင်းသော တင့်တယ်သော သစ်တစ်ပင်၏ အရင်းသို့ ချဉ်းကပ်ဝင်တော်မူလျက် သီတင်းသုံး ထိုင်နေတော်မူခိုက် မင်းသား သုံးဆယ်တို့သည်လဲ အဖော်မယား အသီးသီးနှင့် အပျော်ခရီး ပွဲကစားခြင်း ပြုလုပ်နေကြပါတယ်။ နှစ်ဆယ့်ကိုးယောက်သော မင်းသားတို့မှာ ကိုယ်ပိုင်မယား ပါကြသော်လဲ တစ်ယောက်သော မင်းသားမှာ အငှားခေါ်လာခဲ့ရတယ်။ အငှားခေါ်ခဲ့သော ထိုအမျိုးသမီးသည် စားသောက်မူးရစ်၍ မေ့လျော့နေသော မင်းသားများ အိပ်ပျော်နေစဉ် သူ့အဖေါ် မင်းသား၏ လက်ဝတ်ပစ္စည်းများကို ခိုးယူကာ ထွက်ပြေးပါတယ်။

မင်းသားတို့သည် အိပ်ပျော်ရာမှ နိုးလပ်သော် တောအုပ်အတွင်း လှည့်လည်၍ ပစ္စည်းခိုးယူသွားသော အမျိုးသမီးကို စုပေါင်းရှာဖွေကြရာ တစ်ခုသော သစ်ပင်ရင်း၌ မြတ်စွာဘုရားရှင်အား တွေ့မြင်လေသော် အရှင်ဘုရား ဤအနီးအနား၌ မိန်းမတစ်ယောက်ကို တွေ့မိပါသလား ဟု မေးလျှောက်ပါတယ်။

ထိုအခါ မြတ်စွာဘုရားရှင်က တွေ့သည် ဟူ၍လဲမပြော မတွေ့ဟူ၍လဲ မဆိုပဲ မင်းသားတို့ သင်တို့သည် အဘယ်အတွက်ကြောင့် ထိုအမျိုးသမျိုးသမီးကို ရှာဖွေကြပါသနည်း ဟု မေးတော်မူသော်။ မင်းသားတို့သည် အကြောင်းစုံကို လျှောက်ထားကြပါတယ်။

မင်းသားတို့ သင်တို့အား ငါတစ်ခုမေးပါရစေ နှစ်သက်သလိုသာ ဖြေဆိုကြပါ၊ သင်တို့ယခုလို မိန်းမပျောက်မှုကို ရှာဖွေခဲ့ကြသည်မှာ ဘ၀အကြိမ်တွေ များခဲ့ကြလေပြီ၊ ယခုအချိန် သင်မင်းသားတို့သည် ပျောက်သောမိန်းမကို ရှာဖွေခြင်းနှင့် မိမိကိုယ်မှာ ပျောက်သောတရား ရှာဖွေခြင်း.. ဤနှစ်မျိုးတို့တွင် အဘယ်ကို ရှာဖွေခြင်းက မြတ်သည်ဟု သဘောကျကြကုန်သနည်း ဟု မေးတော်မူလေလျှင်

အရှင်ဘုရား မိမိကိုယ်ကို အပျောက်တရား ရှာဖွေခြင်းကသာ မြင့်မြတ်ပါသည်ဘုရား ဟု လျှောက်ထားကြပါတယ်။

မင်းသားတို့ ထိုသို့ထင်မှတ်ပါလျှင် ထိုင်ကြကုန်လော့ သင်တို့အား ငါဘုရားသည် တရားဟောပေအံ့ ဟု ဘုရားအဖြစ်ကို ညွှန်းပြလျှက် မင်းသားသုံးဆယ်တို့အား ဒါနကထာ, သီလကထာ, သဂ္ဂကထာ, မဂ္ဂကထာ, ကာမာနံအာဒီန၀+နေက္ခမ္မေအာနိသံသကထာ, ဒေသနာ အစဉ်အတိုင်း ဟောတော်မူသဖြင့် ထိုမင်းသား သုံးဆယ်(သုံးကျိပ်)တို့သည် တည်ကြည်သောစိတ်, နူးညံ့သောစိတ်, နီဝရဏကင်းသောစိတ်, တက်ကြွ ၀မ်းမြောက်သောစိတ်, ကြည်လင်သောစိတ်အစဉ်, ရရှိကြသည်ကို သိတော်မူသောအခါ သစ္စာလေးဝ သာမုက္ကံသိက ဓမ္မဒေသနာကို ဟောတော်မူလေလျှင် သောတာပန် သကဒါဂါန် အနာဂါန်စသည့် အသီးသီး တရားထူးရကြလျှက် မြတ်စွာဘုရားရှင်၏ သာသနာတော်မှာ ဧဟိဘိက္ခု မြင့်မြတ်သော ရဟန်းအဖြစ် ရောက်တော်မူကြပါတယ်။ နောင်သောအခါ မြတ်စွာဘုရားရှင် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း သီတင်းသုံးနေတော်မူစဉ် တိံသမတ္တသုတ်လာ အနမတဂ္ဂတရား ဒေသနာတော်ကို ကြားနာရသဖြင့် အရဟတ္တဖိုလ်တည်၍ ရဟန္တာ ဖြစ်တော်မူကြပါတယ်။

ဝါကျွတ်ကာလ ဘုရားဖူးရောက်လာကြသည့် ပါဝေယျကတိုင်းသား ထိုဘဒ္ဒ၀ဂ္ဂီ ညီနောင် သုံးကျိပ်ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်သည် ရဟန်းတော်တို့အား အနာဂါတ် သာသနာမှာ သင်္ကန်းနှင့်ဆက်စပ်၍ ပင်ပန်းမှု မဖြစ်ကြရအောင် ချမ်းသာမည့် အာနိသင်ငါးပါး ကထိန်အကျိုးတရားများကို အောက်မှာဖေါ်ပြသည့် ပါဠိတော်ကို အစချီပြီး ဟောတော်မူပါတယ်။

အတ္ထတ ကထိနာနံ ဝေါ ဘိက္ခဝေ ပဉ္စ ကပ္ပိဿန္တိ၊ အနာမန္တစာရော အသမာဒါနစာရော ဂဏဘောဇနံ ယာဝဒတ္တစီဝရံ ယောစတတ္ထ စီဝရုပ္ပါဒေါ ၊ သော နေသံ ဘ၀ိဿတီတိ၊ အတ္ထတ ကထိနာနံ ဝေါ ဘိက္ခဝေ ဣမာနိ ပဉ္စ ကပ္ပိဿန္တိ (၀ိနယ-ပါဠိတော်) ဒါကတော့ ဘုရားဟောပါဠိတော်ကို ကြည်ညိုရအောင် ဖေါ်ပြပေးတာပါ။

မြန်မာပြန်ကတော့.. ကထိန်သင်္ကန်း အလှူခံပြီး ကထိန်ခင်းတဲ့ ရဟန်းတော်တို့ ရအပ်တဲ့ ကထိန်အကျိုး ငါးပါးဆိုတာ

(၁) ဘောဇဉ်ဖြင့် ပင့်ဖိတ်သည်ကို လက္ခံထားသော ရဟန်းတော်တို့မှာ ထင်ရှားသော ရဟန်းအား ပန်ကြားပြီးမှသာ တစ်ခြားသော ဒါယကာအိမ်သို့ သွားလိုက သွားရတယ်၊ မပန်ကြားပဲသွားရင် စာရိတ္တ သိက္ခာပုဒ်အရ အာပတ်သင့်တယ်။ ကထိန်ခင်းထားတဲ့ ရဟန်းဆိုရင် ပန်ကြားစရာ မလိုပဲ သွားလိုရာကို လွတ်လွတ်လပ်လပ် သွားခွင့်ရသွားတယ်၊ အပြစ်မသင့်တော့ဘူး။ (လွတ်လပ်စွာ သွားနိုင်တဲ့ အကျိုးတစ်ခုပေါ့)။

(၂) တိစီဝရိတ် (အပေါ်ရုံသင်္ကန်း+ခါးဝတ်သင်္ကန်း+ နှစ်ထပ်သင်္ကန်း) ဓူတင်ဆောင်ထားတဲ့ ရဟန်းတော်တို့မှာ ထိုသင်္ကန်း သုံးထည်တို့တွင် တစ်ထည်နဲ့မှ ညဥ့်ကင်းပြီး မနေကောင်းဘူး၊ တစ်ထည်ထည်နဲ့ ညဥ့်ကင်းသွားရင် ဒုတိယ ကထိနသိက္ခာပုဒ်အရ အာပတ်သင့်တယ်။ ကထိန်ခင်းထားတဲ့ ရဟန်းဆိုရင် ဘယ်သင်္ကန်းနဲ့ ညဥ့်ကင်းကင်း အပြစ်မရှိတော့ဘူး။ (ပေါ့ပေါ့ပါးပါး နေနိုင်သွားနိုင်တဲ့ အကျိုးတစ်ခုပေါ့)။

(၃) မပင့်ဖိတ်တတ်တဲ့ ဒါယကာက အရှင်ဘုရား ထမင်းစားကြွပါ၊ မုန့်စားကြွပါ.. စသည်ဖြင့် ဘောဇဉ်အမည်နဲ့ ပင့်ဖိတ်ရင် လေးပါး လေးပါးထက်အလွန် တစ်ပေါင်းတည်း သုံးဆောင်က ဂဏဘောဇန သိက္ခာပုဒ်အရ အာပတ်သင့်တယ်။ ကထိန်ခင်းထားတဲ့ ရဟန်းဆိုရင် ဘယ်လိုပြောပင့်ပင့် စားနိုင်တယ် အပြစ်မရှိဘူး (အပြစ်မရှိတဲ့- ဘေးကင်းတဲ့ အကျိုးတစ်ခုပေါ့)။

(၄) မိမိ ရထားတဲ့သင်္ကန်းကို အဓိဋ္ဌာန်+ ၀ိကပ္ပနာ မပြုပဲ ဆယ်ရက်ထက်လွန်ပြီး မထားအပ်ဘူး။ ထားခဲ့ရင် ပထမ ကထိနသိက္ခာပုဒ်အရ အာပတ်သင့်တယ်။ ကထိန်ခင်းထားတဲ့ ရဟန်းဆိုရင်တော့ သင်္ကန်း ရပြီးတဲ့နောက် ငါးလအတွင်း အဓိဋ္ဌာန်+၀ိကပ္ပနာ မပြုပဲ ထားခွင့်ရှိတယ်၊ အပြစ်မသင့်ဘူး (ကိုယ့်ပစ္စည်းကို လွတ်လပ်စွာ သိမ်းထားပိုင်ခွင့် အကျိုးတစ်ခုပေါ့)။

(၅) သံဃဿ ဒေမ လို့ဆိုပြီး သံဃာအား လှူဒါန်းသော အပ်စပ်သည့် ပစ္စည်းလေးပါး, နုတ်မှရွတ်ဆိုခြင်း မပြုသော်လဲ လှူသူ၏ စိတ်ထဲမှာ သံဃာအား ညွတ်ပြီး လှူဒါန်းသော အပ်စပ်သောပစ္စည်း, အတူနေ ပျံလွန်တော်မူသော ရဟန်း၏ မတက ပစ္စည်း, ကထိန်ခေတ်အတွင်း ကျောင်းအသုံး အဆောင်ပစ္စည်းအဖြစ် လှူဒါန်းသော အပ်စပ်သော ပစ္စည်းများကို ကထိန်ခင်းထားတဲ့ ရဟန်းဆိုရင် အလိုလို ပိုင်ဆိုင်ခွင့် ရသွားပါတယ်။ (ဖြစ်ပေါ်လာသော ပစ္စည်းမှန်သမျှ ရပိုင်သည့် အကျိုးတစ်ခုပေါ့)။

ယခုပြဆိုခဲ့တဲ့ အကျိုးငါးပါးသည် ကထိန်သင်္ကန်း အလှူခံရပြီး ကထိန်ခင်းသော ရဟန်းတော်များ ရအပ်သော အကျိုးတွေပဲ ဖြစ်ပါတယ်။ ကထိန်သင်္ကန်း လှူဒါန်းသူ ဒါယကာတို့ အဖို့မှာလဲ သုတ္တာနုလောမ ဒေသနာအရ ရဟန်းတော်များ ရတဲ့အတိုင်း တူသောအကျိုးငါးပါးကို ရနိုင်ပါတယ်။

ဒီနေရာမှာ ကထိန်ဆိုတာ ဒါယကာက ခင်းရတာမဟုတ်ပဲ ရဟန်းကသာ ခင်းရတာပါ။ အချို့က ကထိန်ခင်းတယ်ဆိုတာ ဒါယကာတွေက ခင်းရတယ်လို့ သင်္ကန်းလှူရတာကိုပင် ကထိန်ခင်းတာပဲလို့ ထင်မှတ် နေတတ်ကြပါတယ်။ ဒါယကာတွေက ကထိန်သင်္ကန်းကိုပဲ ရဟန်းတော်များ ကထိန်ခင်းနိုင်အောင် လှူဒါန်းပေးရုံ သက်သက်ပါ။ ဒါယကာတွေ လှူထားတဲ့ သင်္ကန်းထဲက များရင်လဲ တစ်ထည်ပဲ၊ နည်းရင်လဲ တစ်ထည်ပဲ၊ နည်းနည်းများများ တစ်ထည်ပဲ ခင်းရတာပါ။ တထည်ရရင်ကိုပဲ ကထိန်ခင်းနိုင်နေပါပြီ။ ခင်းးပုံခင်းနည်းတွေကိုတော့ မပြောတော့ပါဘူး၊ မှတ်သားရတာ ရှုတ်ထွေးကုန်မှာ စိုးရပါတယ်။ ဒါက ရဟန်းတော်များနဲ့သာ ဆိုင်တာမို့ ထားခဲ့ပါမယ်။

အဲဒါကြောင့် ကထိန်သင်္ကန်းဆိုတာ အခြားသော အချိန်တွေမှာ ပေးလှူကြသည့် သင်္ကန်းအလှူ အကျိုးတို့ထက် အဆပေါင်းများစွာ သာလွန်လှပါတယ်။ အခြားသော အချိန်မှာ ပေးလှူကြသည့် သင်္ကန်းတို့သည် လှူဒါန်းသူတို့အတွက် ကောင်းကျိုး ကုသိုလ်ရလျက် အလှူခံ ရဟန်းတော်တို့မှာ ချမ်းသာစွာ ၀တ်ရရုံမျှသာ အကျိုးရှိပါတယ်၊ သင်္ကန်း အကျိုးကို ထူးထူးခြားခြား မရနိုင်ပါဘူး။ အလှူရှင်တို့၏ မျက်မှောက်ဘ၀နှင့် သံသရာဘ၀ အဆက်ဆက် ကောင်းကျိုးတွေ ဆက်နိုင်ဖို့ သင်္ကန်းအလှူ သက်သက်မျှသာ ဖြစ်ပါတယ်။

ယခု ပြောနေတဲ့ ကထိန်သင်္ကန်းမှာကတော့ အဲဒီအကျိုးလောက်သာ မဟုတ်ပါဘူး၊ သင်္ကန်းကို အလှူခံရတဲ့ ရဟန်းတော်များကို အကျိုးတရား အထူးတွေရနိုင်ဖို့ အဓိကထား လှူကြရတာပါ။ ဘယ်လိုပုံစံ မျိုးနဲ့မှ ပေးလို့မရတဲ့၊ လှူလို့မရတဲ့ နားလည်လွယ်အောင် ပြောရရင်.. တံခိုးဣဒ္ဓိပါတ် ပြည့်စုံကြတဲ့ နတ်တွေ ဗြဟ္မာတွေနှင့် ဘုရာရှင်တို့သည်ပင် မပေးစွမ်းနိုင်တဲ့ ကောင်းကျိုးတွေရဖို့ ပေးလှူကြရတာ ဖြစ်တယ်ဆိုတာ နားလည်ကြဖို့ပါ။ ထူးခြားသော အကျိုးငါးပါး ရရှိတဲ့သင်္ကန်း အလှူဖြစ်ပါတယ်။

ပေးလှူသူ ဒါယကာတို့မှာလဲ သင်္ကန်းအလှူ အကျိုးတွေနဲ့အတူ ရဟန်းတော်များ ရအပ်တဲ့ အကျိုးငါးပါးလဲ ရကြတာဖြစ်လို့ ထူးခြားမြင့်မြတ်တဲ့ သင်္ကန်းအလှူလို့ ဆိုရမှာဖြစ်ပါတယ်။ ကျောင်းအလှူမှာ သိမ် , သင်္ကန်းအလှူမှာ ကထိန် ဆိုတဲ့ ရှေးဆရာ အရှင်သူမြတ်တို့ မိန့်ဆိုခဲ့ကြတဲ့ မှတ်သားစရာ သင်္ကန်းအလှူတော် ဖြစ်ကြောင်းကို တင်ပြပေးလိုက်ပါတယ်။

မုဒုံဆရာတော်
 
Left   Right
 
 Grey Arrow ဓမ္မစာစောင်များ
 Grey Arrow ဓမ္မသင်တန်း အမှတ်စဉ် (၇)
 Grey Arrow အဆုံးနဲ့ အစ
 Grey Arrow ရောင်စုံည မုဒိတာလမင်း
 Grey Arrow ဓမ္မသင်တန်း အမှတ်စဉ် (၆)
 Grey Arrow စိန်ရတုတိုင် မမေ့နိုင်ပါ
 Grey Arrow ဓမ္မစာစောင်များအပြည်.အစုံသို.
 Grey Arrow ဓမ္မကဗျာများ
 Grey Arrow ကျောင်းအဆောက်အဦအလှူ အကျိုးတရားများ
 Grey Arrow ကထိန်သင်္ကန်းအလှူ အကျိုးတရားများ
 Grey Arrow ဆွမ်းအလှူ အကျိုးတရားများ
 Grey Arrow ဓမ္မကဗျာများအပြည်.အစုံသို.
 Grey Arrow အခြားဖတ်စရာမှတ်စရာများ
 Grey Arrow အင်္ဂလန်ခရီး မပြီးသေးပါ (၂၃)
 Grey Arrow မွေးနေ့မှာ ပေးဖြစ်တဲ့ ကံလက်ဆောင် (၂)
 Grey Arrow ကွန်ပြူတာ၊ ကီးဘုဒ်နှင့် ကြောင်းကျိုးဆက် သဘောတရား
 Grey Arrow တံခါးဝက တရားပြတဲ့ ဂုဏ်ပြုမှတ်တမ်း
 Grey Arrow ငြိမ်းချမ်းခြင်းရသ
 Grey Arrow ဖတ်စရာများအပြည်.အစုံသို.
လန်ဒန်ဝိဟာရ၏ အင်တာနက်စာမျက်နှာများကို အမေ့အိမ် (မြန်မာအစားအစာ) မိသားစုမှ ဖန်တီးလှူဒါန်းပါသည်။
ရရှိသမျှ ကုသိုလ်အဖို့ ကို သြဂုတ်လ ၆ ရက်၊ ၂၀၀၁ နေ့ တွင်ကွယ်လွန်သွားခဲ့သော အမေ့အိမ်၏မိခင်ကြီး ဒေါ်ခင်သန်းနွဲ့ အတွက်ရည်စူးအမျှ ပေးဝေပါသည်။

  Copyright 2017 LONDON VIHARA™ REGISTERED CHARITY NUMBER 284619