Head Banner
   ဗုဒ္ဓသာသနံစိရံတိဋ္ဌထု
  လန်ဒန်ဝိဟာရ
 Grey Arrow  သီတင်းသုံးသံဃာတော်များ
 Grey Arrow  ၀ိဟာရ၏နောက်ခံသမိုင်း
 Grey Arrow  ၀ိဟာရ၏တည်နေရာ
 Grey Arrow  ၀ိဟာရ၏ အကျိုးဆောင်များ
 Grey Arrow  ၀ိဟာရသို့ ဆက်သွယ်ရန်
  အလှူဒါနပြုကြသူငါ
 Grey Arrow  ဆွမ်းဆက်ကပ် လှူဒါန်းသူများ
 Grey Arrow  ပစ္စည်းလေးပါးအလှူရှင်များ
 Grey Arrow  ၀ိဟာရပြုပြင်ရန်အလှူရှင်များ
 Grey Arrow  ၀ါဆိုသင်္ကန်းအလှူရှင်များ
 Grey Arrow  ကထိန်သင်္ကန်းအလှူရှင်များ
  စိတ်ဝင်စားစရာ
 Grey Arrow  ဓမ္မစာစောင်များ
 Grey Arrow  တရားတော်များနာယူရန်
 Grey Arrow  ရုပ်မြင်သံကြားတရားတော်များ
 Grey Arrow  ၀ိဟာရ၏ဓါတ်ပုံမှတ်တမ်းများ
 Grey Arrow  ၀ိဟာရ၏ဗီဒီယိုမှတ်တမ်းများ
 Grey Arrow  ရက်ရာဇာပြဿဒါးပြက္ခဒိန်
 
 
Left ဂုဏ်အစုံ ယုံမြတ်နိုး မိုးဦးထိပ်တင် Right
 
မုဒုံဆရာတော်
တစ်ယောက်ထီးတည်း လွတ်မြောက်မှုကို ရယူမယ်ဆိုလျင် ရယူနိုင်တဲ့ အနေအထားရှိပေမယ့် အစွမ်းအစ ရှိတဲ့ ငါ့ကဲ့သို့သော ယောက်ျားကောင်း ယောက်ျားမြတ် တစ်ယောက်အဖို့ ကိုယ်တစ်ဦးတည်း လွတ်မြောက်မှုကို ရရှိရုံနဲ့ ကျေနပ်ခဲ့မယ်ဆိုပါလျှင် (ကိုယ်လွတ်ရုန်းခဲ့မယ်ဆိုလျှင်) ဘယ်မှာယောက်ျားကောင်း တစ်ယောက် ပီသပါ့မလဲ၊ သမိုင်းပေးတာဝန်ကျေတဲ့ လူသားတစ်ဦး ဖြစ်နိုင်ပါ့မလဲ၊ ဆင်းရဲနွံတွင်း နစ်နေတဲ့သူတွေကို နွံတွင်းကနေ ထုတ်ဆောင်ကယ်တင် နိုင်ပါမှ တော်မှာပေါ့။ (ဗုဒ္ဓလောင်းလျာ)

ဗုဒ္ဓကို ကြည်ညိုမြတ်နိုးစိတ်နဲ့ ဗုဒ္ဓဂုဏ်တော်တွေကို အောင့်မေ့သတိရတိုင်း အများဆုံး ပေါ်လာတတ်တာက ဗုဒ္ဓလောင်းလျာ သုမေဓာရှင်ရသေ့ဘ၀ ဖြစ်စဉ်က ဒီပင်္ကရာဘုရား ခြေတော်ရင်း ၀ပ်စင်းခတွားရင်း စဉ်းစားလာမိတဲ့ အထက်က စကားလေးပါ။

တစ်စုံတစ်ယောက်ကို ကြည်ညိုရမှု၊ တစ်ဦးတစ်ယောက်ကို ကိုးစားယုံကြည်ရမှုမှာ တစ်ဦးတစ်ယောက်ရဲ့ အရည်အသွေးက အနှစ်မပါတဲ့ ဟန်ပြသက်သက်လား၊ အပြောသက်သက်လား၊ အပြောတခြား အလုပ်တခြား လူစားမျိုးလားလို့ တွေးတောမိလေတိုင်း ဗုဒ္ဓလောင်းလျာရဲ့ လုပ်ရပ်များက ပြတ်သားခိုင်ကြည်တဲ့ မှတ်ကျောက်တင် စွမ်းရည်များအဖြစ်လည်း ကွင်းကွင်းကွက်ကွက် စိတ်မနောထဲ ပေါ်လာလေ့ရှိလို့မို့ နှစ်ထောင်း အားရ ကြည်ညိုမ၀ ဖြစ်ခဲ့တာလည်း အကြိမ်ကြိမ် အခါခါပါ။

တခါတလေမှာ ဉာဏ်ကင်းတဲ့ မပြတ်မသား မှုန်ဝါးဝါး သဒ္ဓါအားကြောင့် ကိုယ်ပိုင်မဖြစ်စလောက် အရာလေးကို စွန့်လွှတ်ဖို့ တွန့်ဆုတ် နေတတ်တဲ့အခါများ၊ ကိုယ့်တွက်မပါ အများအတွက် ဆောင်ရွက်ရမည့် ကိစ္စများ ပေါ်ပေါက်လာတဲ့အခါများ၊ ခရီးသွားရင်း ဘတ်စ်ကားစီးရင်း အရွယ်ကြီးသူ ဂုဏ်ကြီးသူ မသန်မစွမ်းသူများ တွေ့လာတဲ့အခါ ကိုယ်ထိုင်နေတဲ့ နေရာကလေး ထပေးရမှာ ၀န်လေးနေတဲ့အခါများ၊ အလောင်းတော် သုမေဓာရဲ့ ဒီစိတ်ထားကို သတိရမိရင် ကိုယ့်မှာဖြစ်နေတဲ့ ရွံ့တွန့်တွန့် မူမမှန်(လူသားမဆန်)တဲ့ စိတ်ထားလေး လွင့်ပါးသွားတတ်အောင် တွန်းအားပေးတတ်သလို ဖြစ်လို့မို့လည်းပဲ ဒီစကားလေးက ကိုယ့်အဖို့ အားဆေး ကောင်းကောင်းတစ်လက် ဖြစ်တတ်လေ့ရှိပါတယ်။ ကောင်းမှုကောင်းရာ လုပ်ငန်းလေးတွေကို လုပ်ဆောင်နိုင် စေဖို့အတွက်လည်း အထောက်အပံ့ကောင်းတစ်ခု အများဆုံး ဖြစ်စေနိုင်ခဲ့ပါတယ်။

ဪ. သူတော်ကောင်းများ၏ လုပ်ရပ်တိုင်းမှာ သမိုင်းမှတ်ကျောက် တင်စရာတွေ, အတုယူ, အားကျစရာ, သံဝေဂ ဖြစ်စရာတွေ ချည်းပါပဲ။

ဒီပင်္ကရာဘုရား ခြေတော်ရင်းမှာ နိယတဗျာဒိတ်ပန်း ဆင်မြန်းခွင့်ရနေတဲ့ အလောင်းတော် သုမေဓာအဖို့ အဲဒီလို ဗျာဒိတ်ရတဲ့အနေ ရောက်အောင် တုနှိုင်းရန်ခက်ခဲမည့် ပါရမီတော်တွေကို တော်တော်များများ ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပူးပြီးသား ဖြစ်မှာပါ။ နို့မဟုတ်လို့ သာမန်ပုဂ္ဂိုလ်အဆင့်မှာပဲ ရှိသေးသူ တစ်ဦးသာဆိုလျင် အလောင်းတော် သုမေဓာဟာလည်း ဗျာဒိတ်ပန်း ဆင်မြန်းခွင့် ရရှိသူတစ်ဦး ဖြစ်နိုင်မှာ မဟုတ်သလို တစ်ယောက်ထီးတည်း နိဗ္ဗာန်ဆုကိုယူတော်မူခဲ့ မယ်ဆိုလျင် ရနိုင်တဲ့အားအစွမ်းကို မြင်တော်မူသော ယောက်ျားမြတ် ဖြစ်တယ်ဆိုတဲ့ အဆင့်ကိုရောက်နိုင်မယ် မဟုတ်ပါဘူး။ ဒီအဆင့် ဒီအခြေ ရောက်လာအောင် ပါရမီတော်တွေ ဖြည့်ဆည်းလာသူ တစ်ဦးအနေနဲ့ ဖြည့်ဆည်းခဲ့စဉ်က ခိုင်မာတဲ့ပန်းတိုင်တစ်ခု အသေအချာ ရှိခဲ့မှာပါပဲ။ ဒီပန်းတိုင်ဆိုတာကလည်း သံသရာဝဋ်ဒုက္ခကနေ ထွက်မြောက် နိုင်ရေးပဲဖြစ်မှာ မလွဲပါဘူး။ ဒါက အမြတ်ဆုံးသော နိဗ္ဗာန်သာဖြစ်မှာပါ။

ဒီနေရာမှာ ထေရ၀ါဒ သင်္ဂါယနာ ပိဋကကျမ်းများမှာ မပါဝင်ပေမယ့် ရှေးဆရာစဉ်ဆက် ပြောရိုးစဉ်လာ မှတ်သားထားခဲ့ကြတဲ့ ဗုဒ္ဓအဖြစ် ရောက်တော်မူဖို့ စိတ်ထဲမှာပင် ဆုပန်လို့ အဓိဋ္ဌာန်နဲ့ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတော်တွေက ခုနစ်အသင်္ချေ။ နှုတ်တော်ကပါ ထုတ်ဖော်ရင်း ဖြည့်ကျင့်နေခဲ့တဲ့ ပါရမီတော်တွေက ကိုးအသင်္ချေ။ ကိုယ်နှုတ်နှလုံး သုံးပါးအစုံနဲ့ ဖြည့်ကျင့်တော် မူခဲ့တာက လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဆိုတဲ့ စကားလေးကလည်း ကြည်ညိုမှု ပွားနိုင်စေဖို့ အားကူပေးရာ ရောက်နိုင်သလို သုမေဓာဘ၀ ယောက်ျားမြတ် တစ်ဦးဖြစ်လာဖို့ တင်ကြိုကာ ဖြည့်ဆည်းပူးထားတဲ့ ပါရမီတော်တွေအတွက် အခြေခံ အချက်အလက်ကောင်း တစ်ခုလို့လည်း ဆိုနိုင်မှာပါ။

နိဗ္ဗာန်ဆိုတဲ့ အမြတ်ပန်းကို လှမ်းဆွတ်လို့ယူမယ်ဆိုလျှင် လက်တကမ်းမှာပဲ ရှိတဲ့အနေ ရောက်ပါလျှက် ကိုယ်လွတ် ရုန်းမထွက်ပဲ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းရှည်ကြာ ဆင်းရဲဒုက္ခတွေကို အများနဲ့အတူ မျှဝေခံစားကာ နေတော်မူတဲ့ မြတ်ဗုဒ္ဓလောင်းလျာရဲ့ မဟာကရုဏာ ကြီးမြတ်တော် မူမှုကိုလည်း ကြက်သီးထမျှ ကြည်နူးအားရ ဖြစ်ခဲ့ရတာလည်း အကြိမ်ရာထောင် မကပါဘူး။ တကယ်တော့ သူ့တစ်ကိုယ်တည်း လွတ်မြောက်စေမှု အတွက်ဆိုလျှင် ရနိုင်တဲ့ အခြအနေကောင်းတွေ ပြည့်ပြည့်စုံစုံ ရှိပါလျှက်ကယ်နဲ့ သတ္တ၀ါ များစွာအတွက် ငဲ့ကွက်ကာ မိမိလက်ဝယ် ရောက်ရှိတဲ့ အမြတ်ဆုံးအရာကို စွန့်လွှတ်ခြင်းမှာလည်း အမြတ်ဆုံးအရာကို စွန့်လွှတ်ရုံ သက်သက်မျှသာမဟုတ် အခြားသော ဆင်းရဲဒုက္ခ အမျိုးမျိုးကိုပါ လက်ခံရယူလိုက်သလို ဖြစ်မယ်ဆိုတာ အလောင်းတော် သုမေဓာလို ဉာဏ်ပညာ ပြည့်ဝသူ တစ်ဦးတစ်ယောက် အနေနဲ့ကတော့ ကောင်းကောင်း သဘောပေါက်မှာ မလွဲပါဘူး။

လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလတွင်းမှာ စီးပွားဥစ္စာတွေကိုလည်း စွန့်လွှတ်ရမယ်၊ ချစ်သမီးသား ဇနီးမယား တွေကိုလည်း စွန့်လွှတ်ရမယ်၊ ခြေလက်နားနှာခေါင်း အင်္ဂါအစိတ်အပိုင်း တွေကိုလည်း ပေးစွန့်ရမယ်၊ အဆုံးစွန် အားဖြင့် လိုအပ်လာသူရှိပါက ကိုယ့်အသက်ကိုပင်လျှင် မညှာမငဲ့ ပေးစွန့်ရမယ်၊ ဒီပေးစွန့်ရမှုကို အကြောင်းပြုပြီး ဖြစ်ပေါ်လာမည့် ဆင်းရဲဒုက္ခတွေနဲ့လည်း ရင်ဆိုင်ရမယ်။ ဘာတွေကို ဘယ်လိုပင် စွန့်လွှတ်ကာ ပေးဆပ်လိုက်ပါစေ၊ မလိုတမာသူတို့ရဲ့ ဆိုးသွမ်းယုတ်မာတဲ့ မမှန်စကားနဲ့ ကဲ့ရဲ့တင်းဆို ငြိုငြင်မှုကို ခံရနိုင်ပေလိမ့်မယ်.. စတဲ့ အကြောင်းအရာ တွေကိုလည်း ကြိုတင်ပြီး သိမြင်ခဲ့မှာ မလွဲပါဘူး။

ဗုဒ္ဓသမိုင်းကြောင်းကို ပြန်ကြည့်လျှင်ဖြင့် အလောင်းအလျာ ဘ၀များစွာမှာ ပေးဆပ်ခဲ့ရတဲ့ စွန့်လွှတ်မှုတွေ၊ ကိုယ်စိတ် ဆင်းရဲဒဏ်အပြည့်နဲ့ အများကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့တဲ့ လုပ်ဆောင်ချက်တွေဟာ သာမန်လူတို့အတွက် စိတ်ကူးထဲမှာတောင် စဉ်းစားပုံဖော်လို့ မရနိုင် မဖြစ်နိုင် လောက်အောင်ပင် ခမ်းနားကြီးကျယ် ခဲ့တာကို တွေ့နိုင်ပါတယ်။ ဒါဟာ မမြင်နိုင်တဲ့ အတိတ်ဘ၀ အကြောင်းအရာတွေမို့ ငြင်းဆန်လိုတယ်ဆိုလျှင် ထားလိုက်ပါဦး။ မျက်မှောက်သမိုင်းမှာ ထင်ရှားရှိနေသေးတဲ့ နောက်ဆုံးဘ၀ အလောင်းတော် သိဒ္ဓတ္ထမင်းသား အခြေအနေမှာကိုပဲ ပိုင်ဆိုင်တဲ့ထီးနန်း၊ ချစ်လှတဲ့ဇနီးမယားနဲ့ မွေးဖွားစ သားရတနာ ရာဟုလာ၊ နောက်ပြီးလည်း မောင်းမမိဿံ ခြွေရံသင်းပင်း၊ စွန့်ခြင်းကြီးများစွာကို စွန့်လွှတ်တော် မူနှိုင်ခြင်းဟာ အံ့မခန်းပါ။ ဒါဟာ အလောင်းတော် ဖြည့်ဆည်းတော်မူခဲ့တဲ့ ပါရမီ လုပ်ငန်းစဉ်များထဲက အနိမ့်ဆုံး ဒါနဆိုတဲ့ ပေးကမ်းမှုတစ်ခုရဲ့ သင်္ကေတများသာ ဖြစ်ပါတယ်။

ဒီထက်ပိုပြီး ခက်ခဲနက်ရှိုင်းတဲ့ လုပ်ငန်းစဉ်တွေကို အလောင်းလျာ ဖြည့်ကျင့်ဆည်းပူးတော် မူခဲ့ခြင်းကိုဖြင့် ရေတွက်ပြ၊ ပြောပြလို့ ဘယ်လိုမှ ကုန်နိုင်မယ် စွမ်းနိုင်မယ် မဟုတ်ပါဘူး။

အများကောင်းကျိုး ဆောင်ရွက်ဖို့ ကိုယ်ပိုင်အချိန် အနည်းငယ်လေးမျှ၊ ပိုင်ဆိုင်မှု အနည်းငယ်လေးမျှကိုပင် ခွဲဝေသုံးစွဲပေးဖို့ ၀န်လေးတတ်တဲ့ သာမန်သူလို ကိုယ်လိုသူတွေရဲ့ စိတ်ဓာတ်နဲ့တော့ အကွာခြားကြီး ကွာခြားတော် မူလှပါတယ်။ အထူးသဖြင့်တော့ သနားခြင်း မဟာကရုဏာအပေါ်မှာ သတ္တ၀ါတွေကို ကယ်တင်ကာ ဘယ်လိုထုတ်ဆောင်လျှင် အသင့်တော်ဆုံးနည်းလမ်း ဖြစ်လေမလည်းရယ်လို့ မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ဉာဏ်တော်စွမ်းအား၊ ဉာဏ်အားလျော်စွာ မှန်ကန်စွာ အသုံးချနိုင်တော်စွမ်းအား များကိုဖြင့် လေးစားအားရ ကြည်ညိုလို့ပင် မဆုံးနိုင်ပါဘူး။

မှားနေမှန်းသိပါလျှက် ဘယ်လိုပြင်ဆင်ရမှန်း မသိနိုင်အောင် အမှောင်လမ်းကြားမှာ စမ်းတ၀ါးဝါး သွားရင်းလာရင်း ကြီးပြင်းနေရတဲ့ သူတစ်ဦးအဖို့ အမှန်လမ်းကို ပြနိုင်စွမ်းရှိတဲ့ ဗုဒ္ဓအလောင်းတော်များရဲ့ ဉာဏစွမ်းအားတော်နဲ့ အဆုံးဘ၀ မြတ်ဗုဒ္ဓရဲ့ သဗ္ဗညုတ စွမ်းတော်စကို အခါခါမျှော်တ ကြည်ညိုလို့ မ၀နိုင်အောင် ဖြစ်မိရပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့တဲ့ ဗုဒ္ဓဂုဏ်တော်တွေကို မှန်းမျှော်ကာ ပူဇော်မှုတစ်ခု ပြုလုပ်ကြမယ်တဲ့။ တကယ်တော့ အသင်္ချေအနန္တ ပြည့်ဝများပြားတော်မူတဲ့ ဗုဒ္ဓဂုဏ်တော်တွေကို ယခုလိုပူဇော်ခြင်းက တကယ့်ကိုမှ မဖြစ်စလောက် အတိုင်းအတာလေး မျှသာပါ။ သို့ပေမယ့် ဒို့တွေအားလုံးရဲ့ နှလုံးသားမှာ ကိန်းတည်နေတဲ့ ဗုဒ္ဓကို ယုံကြည်မှု သဒ္ဓါတရားကတော့ ဗုဒ္ဓဂုဏ်တော်တွေအလား ရေတွက်ပိုင်းခြားလို့ ရနိုင်ကြမယ် မဟုတ်ပါဘူး။

အနှိုင်းမဲ့ ဂုဏ်သခင် ဘုရားရှင်ကို အနှိုင်းမဲ့ ကြည်ညို သဒ္ဓါစွမ်းအားတွေနဲ့ ပူဇော်ကြတဲ့ပွဲမှာ သင်လည်းပါ၊ ငါ လည်းပါ၊ ညီညာစွာနဲ့ ကိုယ်စွမ်းနိုင်တဲ့ ပါရမီကုသိုလ်တွေ ပူးပေါင်းပါဝင် ပြုလုပ်ခြင်းဟာ ဗုဒ္ဓဘာသာဝင်တို့၏ မွန်မြတ်တဲ့ လုပ်ရပ်တစ်ခုပါ။ ဒို့တွေရဲ့ ဒီလုပ်ရပ်ကပဲ သံသရာ ရေအယဉ်ကြောမှာ မျောပါလှုပ်ရှားရင်း ရုန်းကန်ကူးခတ်နေတဲ့ ဒို့တွေကိုလည်း နိဗ္ဗာန်ဆိုတဲ့ ကြည်းကုန်းပေါ်ရောက်အောင် ထုတ်ဆောင်ကယ်တင်တဲ့ အားအစွမ်းတွေကို ပေးနိုင်ပါလိမ့်မယ်၊ ဒီအားအစွမ်းတွေကိုပေးတဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ သာသနာကြီး (တစ်နည်းအားဖြင့်) ဓမ္မအလှတရားတွေ အရှည်ပြန့်ပွား တည်တန့်နိုင် စေဖို့အတွက် အားကူလုပ်ဆောင် ပေးသလိုလည်းပဲ ဧကန်အမှန် ဖြစ်ပါလိမ့်မယ်။ ဒါဟာ ၀မ်းမြောက်ဂုဏ်ယူစရာ ကောင်းမြတ်မွန်ရည်တဲ့ မင်္ဂလာတစ်ပါးပင် ဖြစ်ပါတယ်ဆိုတာကို ရေးသားပူဇော်ရင်းဖြင့်..။ ။

ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက နောက်ဆုံးအထိ ပါရမီ လူနတ်များစွာ ချမ်းသာရေးမို့ အသက်ပေးလို့ စွန့်ခဲ့သည်။ ဗုဒ္ဓမြတ်စွာ သာသနာတွက်တော့ ငါပါအသက်ဆုံးစေမည် စိတ်မပျက်ပေါင် ခုလိုတွေးလို့ ကုသိုလ်ရေးမို့ ကြိုးစားမည်။ ။ (ကိုယ်ကျင့်အဘိဓမ္မာနိဒါန်း၊ မဟာဂန္ဓာရုံဆရာတော်)

မုဒုံဆရာတော်
 
Left   Right
 
 Grey Arrow ဓမ္မစာစောင်များ
 Grey Arrow ဓမ္မသင်တန်း အမှတ်စဉ် (၇)
 Grey Arrow အဆုံးနဲ့ အစ
 Grey Arrow ရောင်စုံည မုဒိတာလမင်း
 Grey Arrow ဓမ္မသင်တန်း အမှတ်စဉ် (၆)
 Grey Arrow စိန်ရတုတိုင် မမေ့နိုင်ပါ
 Grey Arrow ဓမ္မစာစောင်များအပြည်.အစုံသို.
 Grey Arrow ဓမ္မကဗျာများ
 Grey Arrow ကျောင်းအဆောက်အဦအလှူ အကျိုးတရားများ
 Grey Arrow ကထိန်သင်္ကန်းအလှူ အကျိုးတရားများ
 Grey Arrow ဆွမ်းအလှူ အကျိုးတရားများ
 Grey Arrow ဓမ္မကဗျာများအပြည်.အစုံသို.
 Grey Arrow အခြားဖတ်စရာမှတ်စရာများ
 Grey Arrow အင်္ဂလန်ခရီး မပြီးသေးပါ (၂၃)
 Grey Arrow မွေးနေ့မှာ ပေးဖြစ်တဲ့ ကံလက်ဆောင် (၂)
 Grey Arrow ကွန်ပြူတာ၊ ကီးဘုဒ်နှင့် ကြောင်းကျိုးဆက် သဘောတရား
 Grey Arrow တံခါးဝက တရားပြတဲ့ ဂုဏ်ပြုမှတ်တမ်း
 Grey Arrow ငြိမ်းချမ်းခြင်းရသ
 Grey Arrow ဖတ်စရာများအပြည်.အစုံသို.
လန်ဒန်ဝိဟာရ၏ အင်တာနက်စာမျက်နှာများကို အမေ့အိမ် (မြန်မာအစားအစာ) မိသားစုမှ ဖန်တီးလှူဒါန်းပါသည်။
ရရှိသမျှ ကုသိုလ်အဖို့ ကို သြဂုတ်လ ၆ ရက်၊ ၂၀၀၁ နေ့ တွင်ကွယ်လွန်သွားခဲ့သော အမေ့အိမ်၏မိခင်ကြီး ဒေါ်ခင်သန်းနွဲ့ အတွက်ရည်စူးအမျှ ပေးဝေပါသည်။

  Copyright 2017 LONDON VIHARA™ REGISTERED CHARITY NUMBER 284619