Head Banner
   ဗုဒ္ဓသာသနံစိရံတိဋ္ဌထု
  လန်ဒန်ဝိဟာရ
 Grey Arrow  သီတင်းသုံးသံဃာတော်များ
 Grey Arrow  ၀ိဟာရ၏နောက်ခံသမိုင်း
 Grey Arrow  ၀ိဟာရ၏တည်နေရာ
 Grey Arrow  ၀ိဟာရ၏ အကျိုးဆောင်များ
 Grey Arrow  ၀ိဟာရသို့ ဆက်သွယ်ရန်
  အလှူဒါနပြုကြသူငါ
 Grey Arrow  ဆွမ်းဆက်ကပ် လှူဒါန်းသူများ
 Grey Arrow  ပစ္စည်းလေးပါးအလှူရှင်များ
 Grey Arrow  ၀ိဟာရပြုပြင်ရန်အလှူရှင်များ
 Grey Arrow  ၀ါဆိုသင်္ကန်းအလှူရှင်များ
 Grey Arrow  ကထိန်သင်္ကန်းအလှူရှင်များ
  စိတ်ဝင်စားစရာ
 Grey Arrow  ဓမ္မစာစောင်များ
 Grey Arrow  တရားတော်များနာယူရန်
 Grey Arrow  ရုပ်မြင်သံကြားတရားတော်များ
 Grey Arrow  ၀ိဟာရ၏ဓါတ်ပုံမှတ်တမ်းများ
 Grey Arrow  ၀ိဟာရ၏ဗီဒီယိုမှတ်တမ်းများ
 Grey Arrow  ရက်ရာဇာပြဿဒါးပြက္ခဒိန်
 
 
Left ကံ ဆိုတာ ဘာလဲ? Right
 
မုဒုံဆရာတော်
ကံ ဆိုတာဘာလဲ? နေ့တနေ့ ဘုန်းကြီး ဆွမ်းဘုန်းပေးအပြီး မိမိနေထိုင်ရာ ကျောင်းဆောင်အပြန်လမ်းမှာ ဆရာတော်ဆရာတော်ဆိုတဲ့ ဆင့်ခေါ်သံကြားလို့ လှည့်ကြည့်လိုက်ပါတယ်၊ လက်အုပ်ချီနေတဲ့ ဒါယကာတဦးကို တွေ့လိုက်ရပါတယ်၊ ထိုသူကို ဘုန်းကြီး ကောင်းကောင်း မမှတ်မိပါဘူး၊ ဘယ်မှာများ တွေ့ဆုံခဲ့ဘူးတဲ့ ဒါယကာလဲလို့ စဉ်းစားကြည့်ပါတယ် အဖြေမထွက်လာပါဘူး၊ ထိုသူကတော့ ဘုန်းကြီးကို သိပုံမှတ်မိပုံပါပဲ၊ သူ့ကိုယ်သူလည်း မိတ်ဆက်ပါတယ်၊ တရားနာ ပရိသတ်တဦး ဖြစ်ကြောင်းနဲ့ မကြာသေးသော ရက်ပိုင်းက လူဆိုသည်မှာ အမည်ပေးပြီး ပြီးခဲ့သောရက်ပိုင်းက ဟောကြားသွားတဲ့ ဆရာတော်၏ တရားတော်ကို နာကြားရ၍ အလွန်ပင် နှစ်သက်မိပါကြောင်းနှင့် နာကြားသူအားလုံး သဘောကျ နှစ်ခြိုက်ကြောင်းတွေ အာဝဇ္ဇန်း ရွှင်ရွှင်နဲ့ ဘုန်းကြီးကို ခတ်မြှောက်မြှောက်ကလေး လျှောက်ထားနေပါတယ်၊ ကဲကဲ တော်လောက်ပါပြီ ဘုန်းကြီးရဲ့ခြေထောက်တွေ မြေကြီးနဲ့လွတ်သွားရင် ဒုက္ခတွေများကုန်ပါလိမ့်မယ်၊ အခြားကိစ္စ အထူးရှိပါသလားလို့ မေးလိုက်တော့မှ အထူးရယ်တော့ မဟုတ်ပါဘူးဘုရား သိချင်နေတဲ့ အကြောင်းတခု ရှိနေလို့ ဆရာတော်ဘုရား ခွင့်ပြုမယ်ဆိုပါလျှင် မေးလျှောက်ချင်လို့ပါတဲ့၊ ဒီလိုဆို လိုက်ခဲ့ပါလို့ပြောပြီး မိမိနေရာ ကျောင်းဆောင်ကို ခေါ်လာခဲ့ပါတယ်။

ပြုဘွယ်ကိစ္စများ ပြီးတယ်ဆိုရင်ပဲ ဒါယကာ ဘာကိုများ မေးလျှောက်ချင်တာလဲ သိချင်တာမေးပါ ဘုန်းကြီး ဖြေနိုင်ရင် ဖြေပေးရမှာပေါ့၊ မဖြေနိုင်ရင်တော့ ခွင့်လွှတ်ပေးပါ။

မှန်ပါဘုရား တပည့်တော်လျှောက်ပါမယ်၊ မင်းဟာ သိပ်ကံကောင်းတဲ့ လူတယောက်ဖြစ်တယ် မင်းရဲ့ လုပ်ဆောင်သမျှတွေအားလုံး အဆင်ပြေ အောင်မြင်နေတယ် စီးပွားရေးမှာ မင်းက top ပါပဲလို့ မိတ်ဆွေတွေအားလုံးက ချီးကျူးကြပါတယ်၊ သူတို့ပြောခဲ့ကြသလို တပြည့်တော်ကလည်း အစစ အရာရာ အောင်မြင်ချောမွေ့တယ်၊ အဆင်ပြေတယ်ပေါ့ဘုရား။ အလုပ်တခုကို လုပ်တော့မယ်ဆိုရင် မလုပ်ခင်ကထဲက အကျိုးနဲ့အပြစ် ဖြစ်နိုင်ခြေရှိ မရှိဆိုတာကို စဉ်းစားပြီး သုံးသပ်ပြီး အဲဒီအလုပ်ကို လုပ်သင့်လုပ်ထိုက်မှ တပည့်တော်က လုပ်လေ့ လုပ်ထ ရှိပါတယ်၊ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဖြစ်ရင်လည်း ကြိုးကြိုးစားစား စိတ်ပါပါနဲ့ လုပ်တတ်ပါတယ်ဘုရား။ ကိုယ်လုပ်သမျှတိုင်း အဆင်ပြေ အောင်မြင်ချောမွေ့နေတာတွေဟာ အများသူငါ ပြောကြသလို ထင်မြင်ကြသလို တကယ်ပဲ ကံကောင်းခြင်းဆိုတာ ဟုတ်ပါသလားဘုရား၊ ဒါကို တပည့်တော် ရှင်းရှင်းသိချင်ပါသည် အရှင်ဘုရား။

အင်း ဒါယကာရဲ့မေးခွန်းက တိုတိုပြော တိုတိုဖြေပေးရင် ရနိုင်ပေမဲ့ တိုတိုဖြေပေးသင့်တဲ့ မေးခွန်းမျိုး မဟုတ်ဘူးလို့ ဘုန်းကြီး နားလည်ထားလိုက်ပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာဝင်တိုင်းမှာ များသောအားဖြင့် ကံကို လက္ခံထားကြတယ် ကံကိုယုံကြတယ် အားကိုးကြတယ်၊ အရာရာ ကံကိုချည့် အလေးပေး ပြောဆိုတတ်ကြတယ်၊ ကံမကုန်သေးရင်စား ကံကုန်ရင်သွားတဲ့၊ ကံကောင်းရင်တချက်တဲ့ ကံမကောင်းရင်ပျက်တဲ့၊ ကံမဲ့စီမံ ကံရှိစံတဲ့၊ မကောင်းလည်းကံ ကောင်းလည်းကံလို့ ဆိုလိုတာပေါ့။

လောကရေးရာ အဆင်မပြေတဲ့အခါ ဖြစ်ချင်တာ မဖြစ်လာတဲ့အခါ လူမှုရေးဒုက္ခတွေ ကြုံလာတဲ့အခါ လူတွေက ဘာပြောတတ်ကြသလဲ ဒါယကာ?။

ကံမကောင်းဘူးလို့ပဲ ပြောတတ်ကြပါတယ်ဘုရား။

အရာရာလည်း အဆင်ပြေလာရော ငါတော့ ကံကောင်းလာပြီ ကံကောင်းလာပြီပေါ့၊ ကျေနပ်လို့ ၀မ်းသာလို့ ရွှင်မြူးလို့၊ မြင်ကြတွေ့ကြတဲ့ ပတ်ဝန်းကျင်ကလည်း ဒီလူတော့ဖြင့် ကံကောင်းနေတယ်လို့ ပြောကြ ဆိုကြတယ်မဟုတ်လား?။

ပြောကြပါတယ်အရှင်ဘုရား။ ဆရာတော်ဘုရား အဲဒါဟာ ကံရဲ့ သဘောတရားပဲ မဟုတ်ပါလားဘုရား?။

ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့လို့ ကံကိုချည့် ပုံအောပြီး ချမပစ်ကြဖို့ကိုတော့ ဘုန်းကြီး ပြောချင်ပါတယ်။ နောက် သက်ဆိုင်လာရင် အဲဒါ ဘုန်းကြီးပြောပြပါမယ်။

တပည့်တော် တတ်လို့ သိလို့ နားလည်လို့တော့ မဟုတ်ဘူးနော်အရှင်ဘုရား မဃဒေ၀လင်္ကာထဲမှာ ကြမ္မာမဲ့သား, ထိုသူအားကို, လူသားမက, သိကြားမလည်း, မရနိုင်စွာ, သတ္တ၀ါတို့, ကံသာဖမိ, ကံမရှိက, ဥာဏ်ရှိတိုင်းမွဲ, ကြံတိုင်းလွဲ၏,လို့ တပည့်တော်လေ့လာခဲ့ဘူးလို့ပါ၊ သတ္တ၀ါတွေမှာ ကံသာအမိ ကံသာအဖ၊ ကံသည်သာ ဘ၀တခုလုံးရဲ့ သော့ချက်ဖြစ်ကြောင်းကို ပြဆိုထားတာ မဟုတ်ပါလားဘုရား?။

ဒါယကာက မဆိုးပါလား၊ မသိလို့မေးလျှောက်ရာက ဆွေးနွေးသလို ဖြစ်သွားပြီ၊ ဘုန်းကြီး သဘောကျပါတယ်၊ ပိုကျယ်ပြန့်သွားတယ်၊ ပြောရာဆိုရာ ဆွေးနွေးရာမှာ ပိုပြီး အဆင်ပြေသွားတာပေါ့။

လူတွေရဲ့ သဏ္ဌာန်မှာ အဲဒီလို ကံကိုယုံတာ လက္ခံသင့်တာ မှန်သော် ကောင်းသော်လည်း ထိုကံကို အလွဲလွဲ အားကိုးမှား အမှတ်မှားပြီး ယုံနေမိကြရင် လက္ခံနေမိကြရင်တော့ နောင်ဖြစ်လာမဲ့ သံသရာ အကျိုးဆက်က မလှပနိုင်တော့ဘူး။

ဘယ်လိုပါလဲဘုရား သိပါရစေ အရှင်ဘုရား။

ကိုယ့်ဒါယကာက မဃဒေ၀ကိုင်မှတော့ ဘုန်းကြီးလဲ မကိုင်လို့ မဖြစ်တော့ဘူး။ အဲဒီ မဃဒေ၀လင်္ကာမှာပဲ ကံမွဲဥာဏ်နုံ့, မလုံ့မလ, နတ်မမဘူး, ကံနှင့်အကျင့်, ညီသဖြင့်သာ, ကျိုးခွင့်ပြီးမြဲ, မညီလွဲက, ဆင်းရဲရရုံ, ဘေးသာကြုံ၏။ ကဲ ဒါယကာ သဘောရှင်းပါရဲ့လား?။>br>
သဘောမရှင်းပါဘုရား တပည့်တော် လည်ကုန်ပါပြီ။

အေး ကောင်းတယ် ဖိုးသူတော် မျက်စေ့လည်လေ ဆန်ရလေဆိုတာလို ဒါယကာလည်း သဘောမပေါက်လေ တရားနာရလေပေါ့ ဟုတ်လား ?။

တပည့်တော် အကျိုးများဖို့ပဲလို့ မှတ်ယူပါသည်ဘုရား။

သတ္တ၀ါတွေကို အကျိုးပြုပေးနေတဲ့ ကံဆိုတာ တခြားမဟုတ်ဘူး၊ မိမိကိုယ်တိုင် ပြုလုပ်တဲ့ အမူအကျင့်တွေကိုပြောတာ၊ ဒါယကာကိုယ်တိုင် တနေ့တနေ့ ဘာတွေလုပ်နေခဲ့သလဲ၊ စားဝတ်နေရေးနဲ့ အထွေထွေကိစ္စတွေပဲ မဟုတ်လား၊ တရက်ထဲလား နေ့တိုင်းလားဆိုတော့ တရက်လဲမဟုတ် နှစ်ရက်လဲမဟုတ် တလလဲမဟုတ် ရက်ပေါင်းများစွာ နေ့ပေါင်းများစွာ လပေါင်းများစွာ မသေမချင်းပဲ မဟုတ်လား။ စားဝတ်နေရေးနဲ့ အထွေထွေ ကိစ္စတွေကို ဒါယကာ ဘာတွေနဲ့များ ဘယ်လို လုပ်ဆောင်နေခဲ့ရပါသလဲ အဖြေပေးကြည့်စမ်းပါ ?။

စောစောက တပည့်တော် လျှောက်ထားခဲ့သလိုပါပဲ လုပ်ရမည့် ကိစ္စမှန်သမျှ စဉ်းစားတယ်၊ သုံးသပ်တယ်၊ ပြောဆိုတယ်၊ ကိုယ်တိုင်ကြိုးစား လုပ်ဆောင်ပါတယ် တခုမဟုတ် တခုပေါ့ အိပ်ရာထက အိပ်ရာဝင်သည့် အချိန်အထိပါဘုရား။

ကောင်းပြီ စဉ်းစားတာကစိတ်နဲ့ ပြောဆိုတာကနှုတ်နဲ့ ပြုလုပ်တာကကိုယ်နဲ့ ဘ၀တခုလုံးမှာ စဉ်းစားကြည့်ရင် ဒီသုံးမျိုး ဒီသုံးပါးပဲ ရှိပါတယ်၊ အဲဒါ အလုပ်သုံးမျိုး ကံသုံးပါးပေါ့။ ဒီသုံးမျိုးကလွဲရင် လူတွေမှာ ဘာကိုမှ လုပ်စရာမရှိဘူး၊ လူတွေသည်ပင်မဟုတ်ပါဘူး သက်ရှိသတ္တ၀ါ အားလုံးတို့ရဲ့ နေ့စဉ်ပြုလုပ်မှုဟာ ဒီသုံးမျိုးပါပဲ၊ အပိုလဲမရှိသလို အလိုလဲမရှိပါဘူး။

ကိုယ်နဲ့ပြုလုပ်တာကို ကာယကမ္မ၊ နှုတ်နဲ့ပြောဆိုတာကို ၀စီကမ္မ၊ စိတ်နဲ့စဉ်းစားတာ တွေးတော ကြံစည်တာ မနောကမ္မပဲ။ လူတွေရဲ့အပြော ဝေါဟာရထဲမှာ ကံ ဆိုတဲ့အသံက ထင်ရှားရှိနေပေမဲ့ ဘုန်းကြီးတို့ စာပေထဲမှာကတော့ ကမ္မဆိုတာပဲရှိပါတယ်။ လူဝေါဟာရတခု အနေနဲ့ပြောရရင် အလုပ်ပါပဲ၊ အဲဒါကြောင့် ကိုယ်နဲ့ပြုလုပ်တာကို ကာယကံ၊ နှုတ်နဲ့ပြောဆိုတာကို ၀စီကံ၊ စိတ်နဲ့ ကြံစည် စဉ်းစားတာမှန်သမျှဟာ မနောကံတွေချည့်ပါပဲလို့ ပြောရမှာပေါ့။ အဲဒီ ကံ က ဆင်းရဲချမ်းသာ ဂုဏ်ရှိဂုဏ်မဲ့ အယုတ်အမြတ် အကြီးအငယ် မခွဲခြားဘူး၊ အကျိုးပေးစရာရှိခဲ့ရင် မျက်နှာမလိုက်ဘူး၊ ကောင်းတာပြုခဲ့ ပြောခဲ့ ကြံစီခဲ့ရင် ကောင်းတဲ့အကျိုးပေးလာတယ်၊ မကောင်းတာပြုခဲ့ ပြောခဲ့ ကြံစီခဲ့ရင် မကောင်းတဲ့ အကျိုးပေးလာတယ်၊ ကမ္မနိယာမ သဘောအရ ဆိုင်ရာအကျိုးကို မုချပေးသွားတာပါပဲ။

ကံတရားရဲ့ ဆိုင်ရာ အကျိုးပေးပုံတွေကို သဘောပေါက်ရအောင် နဲနဲ ထပ်ရှင်း ပြချင်ပါသေးတယ်။ ဘုရားရှင် လက်ထက်တော် အခါတုန်းက ရာဇဂြိုဟ်ပြည် ချမ်းသာကြွယ်ဝတဲ့ အမျိုးထဲမှာ ဇမ္ဗုက အမည်ရှိတဲ့ ပဋ္ဋိသမ္ဘိဒါလေးပါးနဲ့ ပြည့်စုံတဲ့ ရဟန္တာ တပါး ထင်ရှားရှိခဲ့ဘူးတယ်။ ထိုရဟန္တာ မထေရ်မြတ်ကြီးဟာ အတိတ်က အရိပ်ကံကြောင့် မွေးကထဲက အဟာရအဖြစ် သူ့အစာဟောင်းကို မက်မက်မောမော စားလာခဲ့ရတယ်၊ မိဘများကတော့ ငယ်သေး၍ နားမလည်သေး၍ မလိမ္မာမူ၍ ထင်ပါရဲ့လို့ နားလည်မှု ပေးခဲ့ကြပါတယ်။ အ၀တ်အစား ဆင်ပေးသော်လည်း မ၀တ်ပဲ ချွတ်ထားပြီး မြေပေါ်မှာပဲ အမြဲအိပ်တယ်။ သူဟာ အရွယ်ကြီးလာပေမဲ့ မစင်ကို စားနေတုန်းပါပဲ၊ မိဘများက ရိုက်ပုတ် ဆုံးမကြသော်လည်း တခဏသာပါ နောက် စားမြဲ စားတာပါပဲ။

မိဘများ အဆုံးအမကို မယူတော့လို့ သာသနာက ဆုံးမလျှင်ဖြင့် ရတန်ကောင်းပါရဲ့လို့ သူတို့ကိုးကွယ်ရာ အ၀တ်မ၀တ်တဲ့ တက္ကတွန်းများ နေတဲ့ကျောင်းကို ပို့ခဲ့ကြပါတယ်။ မိဘတို့ကတော့ လွတ်ပြီကျွတ်ပြီ အေးအေး ဆေးဆေး ဖြစ်သွားတာပေါ့။ မကျွတ်မလွတ် မအေးဆေးတာက ကျောင်းက တက္ကတွန်းတွေပါပဲ။ ဇမ္ဗုကမှာ မိဘများ ပြန်သွားကထဲက အိပ်ရာထဲ ခွေနေလိုက်တာ ထကို မထတော့ဘူး။ နေထိုင် ကောင်းဟန်မတူဘူး၊ မိဘများကို လွမ်းနေပုံ ရပါတယ်လို့ သနားနေကြတာ၊ ပြုစုစောင့်ကြည့်နေကြတာ၊ တကယ်တော့ သူကမစင် မစားရသေးလို့ ဒီလိုဖြစ်နေတာပါ၊ အဲဒါ မကောင်း ကျောင်းပို့ဆိုတဲ့ စကားဝေါဟာရပေါ့။

တက္ကတွန်းတွေက ဆွမ်းစားဖို့ခေါ်တဲ့ အခါတိုင်း မလိုက်ဘူး သူဟာ သူ့မစင်ဟောင်းကို လစ်တာနဲ့ စားတယ်။ သူ့မစင်ဟောင်း သူစားရတာ အားရကျေနပ်မှု မရလို့ တက္ကတွန်း များ စွန့်ထားတဲ့ မစင်တွင်းထဲကို ညညမှာ တိတ်တဆိတ် ဆင်းပြီး ကျေကျေနပ်နပ်ကြီး စားတော့တာပါပဲ။ အရှင်ဇမ္ဗုက မစင်စားနေတာကို တဦးတယောက်မျှ အတိအကျ မသိကြပါဘူး။ အတူနေ ပုဂ္ဂိုလ်တွေက အရှင်ဇမ္ဗုက အစားအသောက် နဲတာရယ်၊ ဒါယကာ ဒါယိကာမများ ဖိတ်ကြားတဲ့ ဆွမ်းကို တကြိမ်တခါမျှ လိုက်မစားတာရယ်၊ ကျောင်းမှာပဲ အမြဲတမ်း ချန်ချန် နေရစ်တာရယ်ကြောင့် တခုခုတော့ တခုခုပဲလို့ သံသယစိတ် ဖြစ်နေကြပါတယ်။ တနေ့မှာ ဆွမ်းစားတခု ပေါ်လာလို့ တပါးမကျန် အကုန်ကြွကြမည်ဟု ဆိုသော်လည်း အကြောင်းတမျိုး ပြလို့ ငြင်းဆန်ပြီး ကျန်ရစ်ပါတယ်။ တက္ကတွန်းအားလုံး မြို့ထဲကို ဆွမ်းစားကြွပြီ ဆိုတာနဲ့ အရှင်ဇမ္ဗုက သူလုပ်နေကျ သူ့အလုပ်ကို စတင်တော့တာပါပဲ။

စူးစမ်းလိုတဲ့ တက္ကတွန်းတချို့က ကျောင်းကိုပြန်ပြီး တိတ်တဆိတ် ကြည့်ကြတဲ့အခါ အရှင်ဇမ္ဗုက မစင်တွင်းထဲမှာ မစင်စားနေတာ မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ကြရတော့မှ အံ့သြ တုန်လှုပ်စွာဖြင့် ဘုန်းတော်ကြီးမားတော်မူသည့် ဆရာဘုရား အရှင်ဇမ္ဗုက ကို ကယ်မ သနားတော်မူပါလို့ သူတို့ရဲ့ ဘုရားရှင်ကို တကြရတယ်၊ အဲဒီမှာပဲ အရှင်ဇမ္ဗုကရဲ့ ဘ၀အချိုးအကွေ့ တမျိုးပြောင်းဖို့ ဖြစ်လာတော့ တာပေါ့။

မစင်စားကိုယ်တော် ဒီကျောင်းမနေရ၊ အတူနေသူများ သိက္ခာကျတယ်၊ ဒို့သာသနာတော်ကို စော်ကားတယ်၊ ကျောင်းနာမည် ပျက်တယ်၊ အရှင်ဂေါတမရဲ့ သာဝကတွေ သိသွားကြရင် တက္ကတွန်းတွေဟာ မစင်ဟောင်းစားတယ်လို့ ပြောကုန်ကြတော့မယ်၊ ချက်ချင်းထွက်-ချက်ချင်းထွက်ပေါ့။ တက္ကတွန်းတွေ တောင်းဆိုလာကြပြီ။

ဇမ္ဗုက တက္ကတွန်းများ၏ အလိုဆန္ဒကိုသိပါ။ ဇမ္ဗုက သင်ဘယ်လိုမှ ဖြေရှင်းချက် မပေးပါနဲ့တော့။ သင်၏လုပ်ရပ်သည် အတူနေ ပုဂ္ဂိုလ်များနှင့် တက္ကတွန်း သာသနာတော်ကို ထိခိုက်တယ်။ သိက္ခာညှိုးနွမ်းစေတယ် ဆိုတာကို သင်သိမှာပါလို့ သူ့စိတ်က သူ့ကိုပြောနေပါတယ်။ ငါ့ရှင်တို့ ငါမသိလို့ လုပ်နေတာ မဟုတ်ပါဘူး၊ ကံဇာတ်ဆရာကြီးက အသင်္ခါရိက ကြာပွတ်ကြီးနဲ့ ရိုက်နှက် စေခိုင်းလေတော့ မငြင်းနိုင်ပဲ၊ ငြင်းပယ်ခွင့်မရှိတဲ့ ငါဟာ သိလျှက်နဲ့ မှားနေရ တာပါ။ မစင်ကိုမြင်လျှင် ငါဘယ်လိုမှ ဆောက်တည်ရာ မရဘူး။ ငါ့ရဲ့ အကြောင်းကို ငါသာလျှင် အသိဆုံး ဖြစ်ပါတယ်။ ငါ့ရှင်တို့ ငါ့အားခွင့်လွှတ် နားလည်ပေးကြပါ ဆိုပြီး တက္ကတွန်းများ ဆန္ဒအရ ကျောင်းက အေးအေးဆေးဆေး ထွက်ခွာလို့ သွားပါတယ်။

ယခု ငါ၏ အမှားနဲ့ အမှန်ကို အရှင်ဂေါတမ မှတပါး သိနိုင်သူ ရှိမယ်မထင်ဘူး။ အရှင်ဂေါတမ မှတပါး ငါ့အား လမ်းမှန်ကို ညွှန်ပြနိုင်သူလည်း ရှိမယ်မထင်ဘူး။ ငါသည် ဂေါတမဘုရားထံသို့ သွားသင့်သည်၊ ဇမ္ဗုက အရှင်ဂေါတမထံသို့ သင်သွားပါလို့ ကောင်းကျိုး လိုလားသည့်စိတ်က အကြိမ်ကြိမ် တိုက်တွန်း နိုးဆော်သော်လည်း ဇမ္ဗုကတက္ကတွန်းရဲ့ ခြေလှမ်းတွေဟာ လူအများ မစင်ဟောင်းစွန့်ရာ မြို့ ပြင်ကို ဦးတည်လို့သာ သွားနေပါတယ်။ သူ့ရဲ့ မကောင်းမှု အတိတ်ကံတွေက ဘုရားရှင် ရှိရာကို မပို့ကြဘူး၊ သွားခွင့်လည်း မပေးကြဘူး။ မကုန်သေးတဲ့ ကံအကြွေးတွေကို ဒီဘ၀မှာပင် အပြီးအကြေ ဆပ်ခိုင်းတော့မှာမို့ မစင်ဟောင်းရှိရာ မစင်ဟောင်း ပေါရာကိုသာ တွန်းပို့ပေးနေပါတယ်။ အဲဒီနောက် လူအများ မစင်စွန့်တဲ့ အနီးအနား ကျောက်ဖျာကြီးပေါ်မှာ တပါးတည်း အနှောင်အဖွဲ့မရှိ လွတ်လပ်စွာနေပြီး တွေ့သမျှ မစင်ဟောင်းတွေကို စားနေတော့တာပါပဲ။ ကံတရားရဲ့ ထိုးနှက်တုံ့ပြန်မှု ဒါဏ်ကို အများပြည်သူတို့ရဲ့ အပူဇော်ခံဘ၀ဖြင့် အ၀တ်မ၀တ်ပဲ ကံတုံ့ကံလှဲ့အရ ငါးဆယ့်ငါးနှစ်တိတိ ခံနေရရှာတယ်၊ ရင်နင့်ဘွယ်ရာ ကောင်းလိုက်တာနော် ဒါယကာ။ မှန်ပ့ါဘုရား တပည့်တော် စိတ်မချမ်းမြေ့လိုက်တာဘုရား၊ ဘယ်အကြောင်း တရားက နှိပ်စက်တာပါလဲဘုရား။

သူပြုကျင့်လာခဲ့တဲ့ ကံပေါ့ ဒါယကာရဲ့၊ ရဟန်းသံဃာတွေအပေါ် မလိုမုန်းထားစိတ်နဲ့ ပြစ်မှားမိတဲ့ ၀စီပြစ်တွေပဲ။ အသက်ကြီးလို့ ပညာရှိလို့ ဂုဏ်ရှိလို့ ဘုရားဒါယကာ ကျောင်းဒါယကာကြီး ဖြစ်နေလို့ မျက်နှာလိုက်ပေးမယ် မထင်လေနဲ့၊ ပညာမဲ့သူ ဂုဏ်မဲ့သူမို့ ဥစ္စာမွဲသူ ဥာဏ်နဲသူမို့ မျက်နှာမလိုက်ခြင်း မရှိဘူးဒါယကာ၊ ကိုယ်လုပ်လာခဲ့တဲ့ ကံက ဘုရား ရဟန္တာ ဖြစ်ရင်လည်း မျက်နှာမလိုက်ဘူး၊ လူဆင်းရဲမို့လို့ ဆိုပြီး သနားနေမှာ မဟုတ်ဘူး။ ကံကပေးတဲ့ အမွေကိုတော့ ကောင်းကောင်း မကောင်းကောင်း မွေးဖွားသည်မှအစ သေဆုံးသည့်တိုင်အောင် ယူကြရတာပါပဲ၊ အဲဒါ တဘ၀။ နောက်ပြီးတော့ ဘ၀အသစ် စရပြန်တယ်၊ အဲဒီ ဘ၀အသစ် စတာဟာ ပြီးခဲ့သော ဘ၀ဟောင်း၏ နောက်ဆုံးဖြစ်ခဲ့တဲ့ ကံကို အခြေပြုပြီးတော့ စရတာမို့- ဘုန်းကြီးတို့ ဒါယကာတို့ လက်ရှိဘ၀ အရေးကြီးလှပါတယ်၊ သေခါနီးနဲ့ သေခါနီး ဖြစ်တဲ့ကံဟာ ပိုပြီးတော့ အရေးကြီးတယ် ဆိုတာကို နားလည်ထားဖို့ လိုအပ်ပါတယ်။

မကောင်းလည်းကံ ကောင်းလည်းကံလို့ ဆိုထားတာ မှန်ပေမဲ့ ကိုယ်လုပ်မည့် ကိုယ်ပြောမည့် ကိုယ်ကြံစည်မည့် အရာတွေကို၊ ဥာဏ်နဲ့ ဆုံးဖြတ်ပေးနိုင်ဖို့ လိုတယ်။ အကျိုးရှိလား မရှိလား ဆိုတာ စဉ်းစားရမယ်။ အကျိုးရှိတာ မှန်ရင်တောင် အချိန်အခါ လိုက်ပြီး သင့်တော်ရဲ့လား မတော်လား ထပ်ပြီး စဉ်းစားပေးရမယ်။ အကျိုးရှိတာ မှန်နေပေမဲ့ မသင့်တော်သေးရင် အချိန်အခါကို စောင့်ပေးရမှာဖြစ်တယ်။ သင့်လျှော်တဲ့ အချိန်မှ ထိုအကျိုးရှိတဲ့ လုပ်ရပ်ကို အကောင်အထည် ဖော်သင့်ပါတယ်။ ဘုန်းကြီး ယခု ပြောနေတာတွေဟာ ဘုရာရှင်၏ အဆုံး အမ တွေပါပဲ။

ကံဆိုတာ အကျင့်ကိုမူတည်ပြီး ကောင်းမကောင်း ကွဲသွားတာ။ အကျင့်ကောင်းမှ ကံကောင်းတာ၊ အကျင့်ညံ့ရင် ကံညံ့တာပါပဲ။ များသောအားဖြင့် လူတွေက အိပ်ရာထဲမှာပင် ငါကံဆိုးလိုက်တာ- ကံဆိုးလိုက်တာလို့ ငြီးညူနေကြတာ၊ ကံကောင်းအောင် ဘာကို လုပ်ရမယ်ဆိုတာ မစဉ်းစားကြဘူး။ ဘုန်းကြီးပြောချင်တာက ကံကိုချည့် ပုံမထားနဲ့၊ ကံကိုချည့် မယုံစားနဲ့၊ ဥာဏ်နဲ့ ၀ိရိယကိုလည်း ထုတ်သုံးပါအုန်းလို့။ ဥာဏ်နဲ့ဝိရိယ ပါရင် ရှိရင် တချို့ မကောင်းတဲ့ အတိတ်ကံ အကျိုးပေးများဟာ ပျောက်သွားတာ ပျက်သွားတာတွေ အများကြီးပါ။

ဘုန်းကြီးတို့ ဘုရားရှင်က ကံကို ဒီလိုတမျိုး ဥပမာ ပြပေးထားပါတယ်၊ ယာဒိသံ ၀ပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ မျိုးစေ့တခုကို စိုက်ပျိုးတယ် ဆိုပါစို့ စိုက်ပျိုးလိုက်တဲ့ မျိုးစေ့အတိုင်း အပင်ဖြစ်လာပါတယ်၊ ပြောင်းလွဲပြီး ဖြစ်မလာပါဘူး။ စောစောက ပြောခဲ့ကြသလို ကိုယ်ပြုခဲ့တဲ့ ကံတရားက ကောင်းရင် ကောင်းသလို၊ ဆိုးရင် ဆိုးသလို အကျိုးက လိုက်ပေးတာ။ လှည်းကိုဆွဲသွားတဲ့ နွားရဲ့ခြေရာနောက်ကို လှည်းဘီးက ထပ်ချပ်မကွာ လိုက်နေသလိုလေ- ကံတရားဆိုတာ ရေသွားရင် ရေမှာ၊ ကုန်းသွားရင် ကုန်းမှာ၊ ကောင်းကင်မှာသွားလဲ ကောင်းကင်မှာ လိုက်အကျိုးပေးတာပဲ။

အကျိုးပေးပုံက ယခင်ပြုခဲ့တဲ့ ဖြစ်ခဲ့တဲ့ ကံလုံ့လအပေါ် ပြုလုပ်မှုအပေါ် စိတ်ကူးစဉ်းစား ဆောင်ရွက် ပြောဆိုမှုအပေါ် အခြေချ မူတည်ပြီး နဲနဲများများ ကြီးကြီးသေးသေး ပုံစံအမျိုးမျိုးနဲ့ လိုက်တာပါ။ ယခုကြည့်လေ အရှင်ဇမ္ဗုကရဲ့ နောက်ကို လိုက်နေတဲ့ ကံက ဘယ်လောက် ဆိုးသလဲလို့၊ သူလုပ်နေတာ သူမသိတာ မဟုတ်ဘူး၊ သိနေတယ်။ ဒါပေမဲ့ သူ၏ ကံက ဥာဏ်မပေါ်အောင် ပိတ်ထားတယ်။ ယခု အရှင်ဇမ္ဗုက တွေ့ကြုံနေရတဲ့ ရင်နင့်ဘွယ်ရာ ဖြစ်ရပ်က ဘ၀တခုမှာ သူကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ အသင်္ခါရိက ကံမျိုးစေ့ပေါ့။ မှန်ပါဘုရား အရှင်ဇမ္ဗုကရဲ့ အသင်္ခါရိက ကံတရား၏ ရက်စက်မှု အကြောင်းအရာကို သတိသံဝေဂ ပွားချင်ပါတယ်ဘုရား။

ကောင်းပြီလေ အချိန်ရသလောက် ဘုန်းကြီး ပြောပြပါမယ်။

၁။ အမည်းအကျိုးကို ပေးသော အမည်း ကံ။

၂။ အဖြူအကျိုးကို ပေးသော အဖြူ ကံ ။

၃။ အမည်းနှင့်အဖြူရော၍ အကျိုးပေးသော အမည်းနှင့်အဖြူရောသောကံ။

၎။ အမည်းနှင့်အဖြူရော၍ အကျိုးမပေးသော အမည်းအဖြူမဟုတ်သော ကံ လို့ လေးမျိုးခွဲပြီး မှတ်ထားဖို့လိုတယ် ဒါယကာ။

ထို ကံ လေးမျိုးထည်းမှာ အမည်းကံ ဆိုတာ ဒုစရိုက် တရားသက်သက်ဖြစ်တယ်။ မကောင်းတဲ့ အကျိုးကိုသာ ပေးစွမ်းနိုင်တယ်။

အဖြူကံ ဆိုတာ သုစရိုက် တရားသက်သက် ဖြစ်တယ်။ ကောင်းမြတ်သော အကျိုးကိုသာ ပေးစွမ်းနိုင်တယ်။

အဖြူနှင့်အမည်း ရောသော ကံ ဆိုတာ မကောင်းကျိုှးနှင့် ကောင်းကျိုးကို ရော၍ပေးစွမ်းတဲ့ သတ္တိရှိတယ်။ ယင်း ကံဟာ ဒုစရိုက်နှင့် သုစရိုက် ရော၍ အကျိုးပေးသော ကံ သာ ဖြစ်ပါတယ်။

အဖြူအမည်း မဟုတ်သော ကံ ဆိုတာကတော့ ၀ိပဿနာ ကံ နှင့် မဂ်ကံ တို့ဖြစ်ကြတယ်။

ထို ၀ိပဿနာ ကံ နှင့် မဂ်ကံ တို့သည် အစမထင်သော သံသရာမှစ၍ မိမိတို့၏ သန္တာန်၌ ကိန်းဝတ်သော ဒုစရိုက်ဖြစ်စေ၊ သုစရိုက်ဖြစ်စေ ကံ ဟူသမျှ အားလုံးကို နောင်တစ်ဖန် ပဋိသန္ဓေ အကျိုးမပေးနိုင်အောင်၊ အဟောသိ ကံ ဖြစ်သွားအောင် ဆောင်ရွက်ပေးသော ကံ ဖြစ်တယ်။ ယင်း ကံ ဖြင့်ပင် သံသရာ၌ မကျင်လည်ရအောင် သံသရာမှ ထွက်မြောက်အောင် ဆောင်ရွက်နိုင်တယ် ဒါယကာ။

မှန်ပါဘုရား။

သံသရာခရီးသွား သတ္တ၀ါများမှာ ကိလေသ၀ဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်ဟူ၍ ၀ဋ်သုံးပါး လည်လျက်ရှိရာ၊ နောင်တဖန် ပဋိသန္ဓေ မနေရခြင်းသည် ၀ိပါက၀ဋ် ချုပ်တယ်လို့ ခေါ်ပါတယ်။ ၀ိပါက၀ဋ် ချုပ်ရန် ကမ္မ၀ဋ်ကို ချုပ်အောင် လုပ်ဖို့လိုတယ်။ တဖန် ကမ္မ၀ဋ် ချုပ်ရန်မှာလည်း ကိလေသ၀ဋ်ကို ချုပ်အောင် လုပ်ဖို့လိုပြန်ပါတယ်။ ကိလေသ၀ဋ် ရှိနေသမျှ ကမ္မ၀ဋ် ရှိတယ်လို့မှတ်ပါ၊ ကမ္မ၀ဋ် ရှိနေသမျှ လူ နတ် ဗြဟ္မာ အပါယ်သတ္တ၀ါ ဆိုတဲ့ သုံးဆယ့်တစ်ဘုံ ဘ၀ခန္ဓာအစုံ အကျိုး ၀ိပါက၀ဋ်တို့သည် ရပ်သွားလိမ့်မည် ကုန်သွားလိမ့်မည် ချုပ်သွားလိမ့်မည် မဟုတ်ပါဘူး ဒါယကာ။

ဒါ့ကြောင့် ၀ဋ်သုံးပါး ချုပ်သွားအောင် လုပ်ဆောင်ရာ၌ ဖြစ်ဆဲ ပေါ်ဆဲ ဖြစ်တဲ့ အကျိုး ရုပ်နမ် ခန္ဓာတို့၏ ဖြစ်ပျက်နေမှု အနိစ္စတရား၊ ဆင်းရဲမှု ဒုက္ခတရား၊ မိမိအလိုအတိုင်း မဖြစ်မှု အနတ္တ တရားကို ၀ိပဿနာ ဥာဏ်မျက်စိဖြင့် မြင်အောင် သတိပဋ္ဌာန်တရားကို ရှုမှတ်ရမှာ ဖြစ်ပါတယ်။ ရုပ်နာမ်တို့၏ ဖြစ်မှုပျက်မှု သဘောကိုသိတဲ့ ဥဒယဘယဥာဏ်အမြင် များလာသောအခါ ခန္ဓာငါးပါး၌ ငြီးငွေ့သည့် နိဗ္ဗိန္ဒဥာဏ် ဖြစ်ပေါ်လာပါတယ်၊ အဲဒီနောက် ဥာဏ်အစဉ်တက်ပြီး မဂ်ဥာဏ်ခေါ်တဲ့ မဂ်ကံ ဖြစ်တော့တာပါပဲ။

ဒါယကာရေ ဘုန်းကြီးတို့မှာ မဂ်ကံ မဖြစ်သေးသမျှတော့ သံသရာမှာ ဘယ်လောက်ကြာအောင် သွားရအုံးမယ် ကျင်လည်ရအုံးမယ် ဆိုတာ မမှန်းဆနိုင်ပါဘူး။ အဖြူကံကြောင့် ကောင်းရာဘ၀ ရောက်ရသလို အမည်းကံကြောင့်လည်း မကောင်းတဲ့ အပါယ်ဘ၀ အပါယ်ခန္ဓာတွေကို ရောက်ရဦးမှာပါ။ အဖြူ အမည်း တွဲတဲ့ကံဆိုရင်တော့ ကောင်းရာဘ၀မှာ ဖြစ်ဖြစ်၊ မကောင်းရာဘ၀မှာ ဖြစ်ဖြစ် ပြည့်စုံမှု မပြည့်စုံမှုတွေ ဆင်းရဲနဲ့ ချမ်းသာတွေဟာ ဗုံလုံတလှည့် ငါးဖျံတလှည့် ဖြစ်နေမှာပါပဲ။

သဘောပေါက်ရဲ့လား ဒါယကာ၊ ယခု အရှင်ဇမ္ဗုက တွေ့ကြုံနေရတဲ့ ကံက ဘယ်လို ကံမျိုးလည်းဆိုတာ နားလည်ရောပေါ့။

မှန်ပါဘုရား သဘောပေါက်ပါတယ်၊ အမည်း ကံ သက်သက်ပါဘုရား။

ကိုယ်ပြုတဲ့ ကံ ကိုယ့်စီမံ ပဲ့တင်သံမလွဲ တထပ်ထဲ တဲ့။ အမည်းကံ ဆိုတော့ အကောင်းတခုမှ မလာတော့ဘူး သူ့အလှည့် သူကြိုက်သလို အကျိုးပေးနေမှာပဲ၊ အလှည့်ကျရင် မနွဲ့စတမ်းပေါ့ ဒါယကာ၊ သူအကျိုးပေးခွင့် ကုန်မှ သူရပ်တော့မယ်နော်။ သက်သာခွင့်ရအောင်များ လုပ်လို့ မရတော့ဘူးလားဘုရား ?။

ရနိုင်ပါတယ် ဒါယကာ၊ အမည်းကံ များနေတယ်လို့ ကိုယ့်ကိုကိုယ်သိရင် အဖြူ ကံ များများပြုရမှာပေါ့။ အမည်း အဖြူရောတဲ့ ကံ ဖြစ်သွားတာပေါ့။ အကောင်းအဆိုး မျှသွားပြီးနောက်- အဖြူကံ များများပြုရာမှ အဖြူအမည်း မဟုတ်သော မဂ်ကံ ရောက်အောင် ရအောင် ကျိုးစားလုပ်ဆောင်ရင်း နောက်ဘ၀ တွေ့ကြုံနိုင်တဲ့ အပါယ်လေးပါး ဒုဂ္ဂတိ ဘုံသားတို့ရဲ့ ဘ၀နဲ့ ဒုက္ခဆင်းရဲမျိုးစုံ မတွေ့ရ မကြုံရတော့ဘူးပေါ့။

ဒါဟာ မဂ်ကံက အမည်းကံ ဒုက္ခဆင်းရဲကို သက်သာခွင့်ရအောင် လုပ်ပေးလိုက်တာပါပဲ။

မဂ်ကံ လေးပါးလုံး ရအောင်ကြိုးစားနိုင်ရင်တော့ အစမထင်သော သံသရာမှစ၍ မိမိတို့၏ သန္တာန်၌ ကိန်းဝတ်နေသော ဒုစရိုက်ဖြစ်စေ၊ သုစရိုက်ဖြစ်စေ ကံ ဟူသမျှ အားလုံးကို နောင်တစ်ဖန် ပဋိသန္ဓေ အကျိုးမပေးနိုင်တော့ပဲ၊ အဟောသိကံ ဖြစ်သွားလို့ လူ နတ် ဗြဟ္မာ အပါယ်သတ္တ၀ါ ဆိုတဲ့ သုံးဆယ့်တစ်ဘုံ ဘ၀ခန္ဓာအစုံ အကျိုးတရား ၀ိပါက၀ဋ်တို့ ကုန်သွား ချုပ်သွားပြီး ဒုက္ခငြိမ်း ခန္ဓာဇာတ်သိမ်းတဲ့ နိဗ္ဗာန်ရောက်တာပေါ့။

ကံကိုချည်း ပုံချထားလို့တော့ မရဘူးနော်၊ သက်သာခွင့်ရဖို့ရာမှာ ဥာဏ်နဲ့ဝိရိယကို အသုံးချတတ် ရတယ်ဆိုတာ နားလည်ရောပေါ့။

ကံ ဆိုတာ မျိုးစေ့၊ အရင်းအမြစ်၊ ကံ ဆိုတာ ကိုယ်ပိုင်ဥစ္စာ ဆိုပေမဲ့ ဥာဏ်နဲ့ဝီရိယ မပါရင် မပြည့်စုံဘူးမှတ်ပါ။ မဃဒေ၀မှာ ကံဟုမူလ သမ္ဗုဒ္ဓတို့ ဟောပြသည်မှာ အရင်းသာရှင့်၊ ဥစ္စာဘောဂ ဇီဝိတနှင့် သုခပွားရန် ဤလူ့ထံ၌ ဥာဏ်ဝီရိယ ပယောဂတည်း တဲ့ သဘောကျရဲ့လား?။

မှန်ပါဘုရား။

မျိုးစေ့မရှိရင် အပင်မဖြစ်။ ကံ မရှိရင်လည်း ဘ၀ မဖြစ်။ မျိုးစေ့ရှိမှ အပင်ဖြစ်တယ်၊ ကံ ရှိမှ ဘ၀ ဖြစ်နိုင်တယ်ဆိုတာ မှန်ပေမဲ့လို့၊ မျိုးစေ့က ဖြစ်လာတဲ့ အပင်ဟာ အပင်ပေါက်စမှာ ဘေးပယောဂကြောင့် လွယ်လွယ်ကလေး ပျက်စီးသွားနိုင်သလို၊ ကံ အကျိုးပေးစ အချိန်မှာလည်း အခြားပယောဂကြောင့် ကောင်းကျိုးပေးမည့် ကံဟာ အချိန်မရွေး အခါမရွေး ပျောက်ပျက် သွားတတ်တာပါပဲ။ သက်တန်း မကုန်ပဲနဲ့ သေသွားကြသူများမှာ၊ ဥာဏ် ၀ီရိယ ပယောဂ မရှိကြလို့ပေါ့။

မျိုးစေ့ကြောင့် ဖြစ်လာတဲ့ အပင်ကလေး ကြီးပွားလာရဖို့၊ အပွင့် ပွင့်ရမည့်အပင် အပွင့်များများ ပွင့်နိုင်ဖို့၊ အသီး သီးရမည့်အပင် အသီးများများ သီးနိုင်ဖို့၊ ဥယဉ်မှုးက ရေမှန်မှန် လောင်းပေးရမယ်၊ မြေသြဇာမှန်မှန် ကျွေးပေးရမယ်၊ ပြုစုပေးရမယ်။ ဒါမှ ဒီအပင် ရည်ရွယ်တဲ့အတိုင်း သီးမှာပွင့်မှာပေါ့။ ထို့အတူပါပဲ ကောင်းကျိုးချမ်းသာ လိုလားသူဟာ ကောင်းတဲ့အလုပ် ကောင်းတဲ့ကုသိုလ် များများလုပ်ဖို့ လိုအပ်ပါတယ်။ ဘယ်လိုအလုပ် ဘယ်လို ကုသိုလ်မျိုးကို လုပ်ရင် ဘယ်လိုအကျိုးထူး ရနိုင်တယ်ဆိုတာ ဥာဏ်နဲ့ဝေခွဲ နားလည်နိုင်ရပါမယ်။ ကိုယ်တိုင် နားမလည်ရင် ညွှန်ပြနိုင်သူကို ချဉ်းကပ်ရမယ်၊ ညွှန်ကြားတဲ့အတိုင်းလဲ လုလ္လ- ပယောဂ စိုက်ထုတ်ပြီး လုပ်သင့်တာကို လုပ်ပါမှ ကုသိုလ်ကံကြောင့် ရလာတဲ့၊ ဘ၀ ခန္ဓာဟာ မိမိရည်ရွယ်တဲ့အတိုင်း ကောင်းကျိုး ချမ်းသာတွေ တိုးတက်ကြီးပွား စည်ကားလာမှာပေါ့။

ဒါယကာ ဘုန်းကြီးပြောနေတာတွေ နားရှုပ်ကုန်ပြီလား ?။

မရှုပ်ပါဘုရား ဆက်ပြီးသာ မိန့်တော်မူပါ။

ကံဟုမူလ, သမ္ဗုဒ္ဓတို့, ဟောပြသည်မှာ, အရင်းသာရှင့်၊ ဥစ္စာဘောဂ, ဇီဝိတနှင့်, သုခပွားရန်, ဤလူ့ထံ၌, ဥာဏ်ဝီရိယ, ပယောဂတည်း၊ ကာလဒေသ, ပုဂ္ဂလကို, နိုင်းဆအပ်တုံ, ကံကိုယုံ၍, မီးပုံအတွင်း, မဆင်းထိုက်စွာ တဲ့။

စီးစိမ်ဥစ္စာ ပေါများဖို့ အသက်ရှည်ဖို့ ချမ်းသာဖို့မှာ ကံသက်သက်နဲ့ မပြည့်စုံနိုင်ဘူး ဆိုတာကို ရှင်းရှင်း ပြဆိုထားတယ်။ ဥပမာ ဆီးချိုရောဂါ ဝေဒနာသည် တဦးဟာ ငါ ကံကောင်းနေတာပဲ ဘာမှ မဖြစ်နိုင်ပါဘူးဆိုပြီး ကိုယ်ကြိုက်တဲ့ အချိုတွေ၊ ရောဂါနဲ့ မတည့်ရာတွေ နင်းကန်စားရင် မြန်မြန်ရှောသွားမှာပေါ့။ အနေအထိုင် ဆင်ခြင်တတ်မှ၊ အစားအသောက် ဆင်ခြင်တတ်မှ၊ ကြိုက်ပေမဲ့ ဥာဏ်နဲ့ ချင့်ချိန်ရမယ်၊ လုံးဝ မနေသာလို့ ဆန္ဒရှိလို့ စားမယ်ဆိုရင် တို့ကာ ပင့်ကာ အာသာပြေရုံပေါ့၊ ပြီးရင် သင့်လျှော်တဲ့ ဆရာဝန်များ ညွှန်ကြားထားတဲ့ ဆေးဝါး ဓာတ်စာများကို စားရမှာပေါ့၊ ဥာဏ်မပါပဲ ထင်ရာစား ထင်ရာလုပ်လို့ မဖြစ်ဘူးဆိုတာကို ပြောလိုတာပါ။

ကာလဒေသ, ပုဂ္ဂလကို, နိုင်းဆအပ်တုံ, ကံကိုယုံ၍, မီးပုံအတွင်း, မဆင်းထိုက်စွာ တဲ့။

နောက်ပြီးတော့ ချမ်းသာ ကြီးပွားလိုတဲ့သူ၊ ဘ၀အဆင့်အတန်း မြင့်မားလိုတဲ့သူဟာ အချိန်ကာလနဲ့ နေရာဒေသ ပေါင်းသင်းဆက်ဆံ ချဉ်းကပ်ရမည့် သူကိုလည်း ကြည့်တတ် ရပါမယ်။

ဒါကတော့ ကံကိုချည့် အားကိုးယုံကြည်မှု မပြုကြဖို့ကို ပြောတာပါ။ ရှေးရှေး ဘ၀က ပါလာကြတဲ့ ကံအစွမ်းသတ္တိက များကြတာ မဟုတ်လေတော့ ကံကိုချည့် ယုံထားလို့ ပုံထားလို့ မရတာက သေချာတယ်။ သစ်ပင်တစ်ပင် ကြီးပွားတိုးတက် ရှင်သန်ခြင်း ဖြစ်ဖို့ရာမှာ မျိုးစေ့တစ်ခုကိုသာ အားကိုးလို့ မရနှိုင်ပါဘူး။

မျိုးစေ့ရှိရင် အပင်ပေါက်တာဟာ အရင်းခံအားဖြင့် မှန်ပေမဲ့ တကယ်တော့ နောက်ထပ် လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ရေ ကောင်းကောင်းလိုမယ်၊ မြေကောင်းကောင်းလိုမယ်၊ ဥယျာဉ်မှုး ကောင်းကောင်း လိုအပ်ပါတယ်။ အဲဒီလို အားလုံး ပြည့်စုံပါမှ သစ်ပင်ဟာ စည်ကား ထွားကြိုင်းပြီး၊ အသီးသီးတဲ့ အပင်က အသီးတွေ သီးလို့၊ အပွင့်ပွင့်တဲ့ အပင်က အပွင့်တွေ ပွင့်လို့၊ အားလုံးဟာ ကာလ ဒေသ ပုဂ္ဂလတွေကို နှိုင်းဆပြီး ကောင်းကျိုးတွေ ဖြစ်ကြတယ် ရကြတယ် မဟုတ်လား?

မှန်ပါတယ်ဘုရား။

ဆက်ပြီး နားထောင်အုန်း ဒါယကာ- ကာလ ဒေသ ပုဂ္ဂလကို, နိုင်းဆအပ်တုံ, ကံကိုယုံ၍, မီးပုံအတွင်း, မဆင်းထိုက်စွာ၊ ကျားရဲရာလည်း, ကြမ္မာအကြောင်း, မရိုးကောင်းဟု, သူကောင်းရှေးက, ဆိုကုန်ကြ၏ တဲ့။

ကံကို ယုံပြီး မီးပုံထဲ မဆင်းလိုက်ပါနဲ့၊ ကံကို ယုံလို့ မီးပုံထဲ ဆင်းရင် သေချာတာ တစ်ခုကတော့ မီးလောင်မှာပဲ။ ငါ အင်မတန် ကံကောင်းနေတာပဲ ဆိုပြီး အရဲစွန့်လို့ မဖြစ်ဘူး၊ မီးလောင်သွားမယ်။ နောက်ပြီးတော့ ကျားပေါတဲ့ တောကို မသွားနဲ့၊ ကံကောင်းရင် ဘာမှမဖြစ်ဘူးဆိုတာ နေရာတိုင်း မမှန်တတ်ဘူးလေ၊ ကျားက လူကိုက်နေမှန်း သိရက်နဲ့ သွားလို့ကတော့ သေချာတယ် သေဖို့ပေါ့။ အဲဒီလို ဆင်ခြင် စဉ်းစားဥာဏ် နဲတဲ့ လူကို ကျားကိုက်တာ ကံ မကောင်းလို့ပါလို့ မပြောပါနဲ့၊ ပြောလို့ကို မရဘူး။ ဥာဏ်မပါလို့ မစဉ်းစားလို့ ကျားကိုက်ခံရတာ ကံ မကောင်းလို့ မဟုတ်ဘူး။ ကံကိုချည့် ပုံမချဖို့ ကံကိုချည့် မယုံရလို့ ကံကိုချည့် အားကိုး မနေကြဖို့ကို တိုက်တွန်းလိုတာပါ။

လုံးလမထူ, ဥာဏ်မကူဘဲ, အယူတစ်ချောင်း, ကံတစ်ကြောင်းမျှ, မကောင်းလည်းကံ, ကောင်းလည်းကံဟု, ကံကိုချည့်သာ, မကိုးရာဘူး၊ ပညာဥာဏ်ဖြင့်, သင့်မသင့်ကို, အခွင့်ရှု၍, အပြုလုံးလ, ရှိအပ်စွတည့် တဲ့။

ကိုယ့်ကိုကိုယ် အတ္တအယူ ရွဲ့စောင်းပြီးတော့ ငါ အခု မကောင်းဖြစ်နေတာ ကံကြောင့်ပါ၊ ကံကောင်းရင် ဒီလိုမဖြစ်ဘူးလို့ မတွေးနဲ့၊ မထင်နဲ့။ သူများတွေ ကံကောင်းနေတော့ ငါလို မဖြစ်ကြပါဘူးလို့ ကံကို ရိုးမယ် မဖွဲ့ပါနဲ့၊ ကံကောင်းနေတယ်လို့ ကိုယ်ထင်ထားတဲ့ သူတွေက ဥာဏ်တွေ ၀ီရိယတွေ ဘယ်လောက်များများ ကူထား ကြသလဲဆိုတာ ကိုယ်မှ မသိနှိုင်တာ။ ၀ီရိယ ဥာဏ်, မကူပန်, ရှေးကံမပွင့်လင်းတဲ့၊ ဟိုစောစောတုန်းက ဘုန်းကြီး ပြောခဲ့ပြီးပြီလေ နေရာတိုင်းမှာ ဥာဏ်နဲ့ ၀ီရိယလဲ အရေး ပါပါတယ်လို့။

လူတိုင်းဟာ ဒုက္ခကြုံတဲ့ အချိန်တိုင်း ကံကိုချည့် ရိုးမယ် ဖွဲ့တတ်ကြတယ်၊ မဖွဲ့ကြပါနဲ့လို့။ ဥာဏ်ပညာနဲ့ ရှောင်ကြဉ်တန် ရှောင်ကြဉ်ရမယ်၊ တိမ်းတန်တိမ်းရမယ် မလုပ်ပဲနေတန် နေရမယ်၊ ဥာဏ်ပညာနဲ့ ရှုပြီးတော့ အပြုလုံးလက အရေးပါလှပါတယ်။ ကံဟာ မူလကျပေမဲ့ သင့်မသင့် တော်မတော် မှန်မမှန် ဟုတ်မဟုတ် ဥာဏ်နဲ့ ချင့်ချိန်လို့ လုပ်ကြပါမှ အမှားနဲပြီး အမှန်ရကြမယ် ဆိုတာ နားလယ်စေချင်တယ် ဒါယကာ။

တပည့်တော် မှတ်သား ထားပါမယ်ဘုရား။

တံငါလက်တွင်း, ရောက်လျင်းတုံငြား, သုံးကောင်ငါးကို, မှတ်သားဝမ်းထဲ, နည်းယူစွဲလော့တဲ့။

ဒါယကာ ဒါက ငါးသုံးကောင် တငါသည်ရဲ့ လက်ထဲ ရောက်ပုံကို ဥပမာနဲ့ ပြောထားတာပါ။

တစ်ကောင်က ကံကို အားကိုးပုံ၊ နောက်တစ်ကောင်က ဥာဏ်ကို အားကိုးပုံ၊ နောက်တစ်ကောင်က ၀ီရိယပေါ့။ ငါးသုံးကောင်ကို တငါသည်ဖမ်းမိလို့ တငါသည်ရဲ့ လှေဝမ်းထဲမှာ ရောက်နေပြီနော်။ ကံကိုယုံစားတဲ့ ငါးက ဘယ်လို တွေးလဲဆိုတော့, အင်း ငါတော့ တငါသည်ရဲ့ လက်ထဲတော့ ရောက်နေပြီ သေဘေးက လွတ်ဖို့ရာမှာ ငါ့ရဲ့ကံကို အားကိုးရမှာပဲ၊ ငါ ကံကောင်းရင် လွတ်ပါလိမ့်မယ်ပေါ့၊ အဲဒီလိုတွေးပြီး အေးအေးဆေးဆေး ငြိမ်နေတယ်။

ဝိရိယ အားကိုးတဲ့ငါးက စဉ်းစားတယ်၊ ငါသည် တံငါသည်လက်က လွတ်မြောက်ဖို့ရာမှာ မလျော့တမ်း ကျိုးစားမှဖြစ်လိမ့်မယ်၊ လုံးလ ၀ီရိယဟာ အလွန် အရေးကြီးတယ်ပေါ့၊ ဟိုကောင်လို ငြိမ်နေလို့ကတော့ လွတ်နှိုင်ဘွယ် မရှိဘူး၊ ကျိုးစားမှ ကျိုးစားမှ ဆိုပြီး စွပ်ကနဲ စွပ်ကနဲ ခုန်ခုန်ကြည့်တယ်၊ တချက်မလွတ် တချက်လွတ်ပေါ့လေ လှေဝမ်းထဲက သူထွက်သွားနှိုင်ဖို့ ကျိုးစားနေတာပါ။ အဲဒီမှာ တံငါသည်က တယ်,ဒီကောင် ဆော့လွန်းတယ် ဆိုပြီး တက်နဲ့ ရိုက်လိုက်ရာ သေရော။

ကံ ငါးက ကံရှိရင်လွတ်လိမ့်မယ်၊ ၀ိရိယ ငါးကတော့ သေရှာပြီပေါ့။ အဲ, ဥာဏ်ငါးက စဉ်းစားပြီ၊ ဟိုတစ်ကောင် မပြတ်မပြတ် ခုန်ထွက်တယ် သူမလွတ်ဘူး၊ တံငါသည်ရိုက်လို့ သေသွားပြီ။ ဟိုတစ်ကောင် ငြိမ်နေတယ်၊ ဒီကောင်က ဘာတွေးနေလဲပေါ့၊ ငါလဲ တငါသည်ရဲ့ လက်က လွတ်မြောက်ဖို့ အချိန်အခါနဲ့ နေရာကို စောင့်ရလိမ့်မယ်၊ နေဦးနေဦး အခါအခွင့် မကျသေးဘူး၊ နေရာ မရောက်သေးဘူး အခြေအနေ ကြည့်ရမယ်၊ စောင့်စောင့်ပေါ့။ ကမ်းနားကိုလှေ ရောက်ပြီဆိုတာနဲ့ တငါသည်က လှေနံကိုနင်းပြီး အဆင်း လှေစောင်းသွားတဲ့ အချိန်မှာပဲ ဥာဏ်ကို အားထားတဲ့ ငါးဟာ ကျိုးစားပြီး ခုန်ချလိုက်တာ တခါတည်း လွတ်မြောက်သွားပါတယ်။

သူဟာ ကံလည်းပါတယ်၊ ၀ီရိယလည်းပါတယ်၊ ဥာဏ်လည်းပါတော့ ရည်ရွယ်ရာ ပြီးမြောက်သွားတာပေါ့ ဒါယကာ။

အဲဒါကြောင့် တံငါလက်တွင်း, ရောက်လျင်းတုံငြား, သုံးကောင်ငါးကို, မှတ်သားဝမ်းထဲ, နည်းယူစွဲလော့, လို့ ဥပမာပေးထားတာ။

ကံ ကိုသာအားကိုးတဲ့ ငါးကတော့ ကံစီမံသလိုပေါ့လို့ ငြိမ်ပြီးနေလာလိုက်တာ ကုန်းပေါ်လည်းရောက်ရော သူလဲချက်စားခံရလို့ သေတာပါပဲ၊ လွတ်မသွားပါဘူး။

ဆက်ပြီး မှတ်ပါအုန်း ဒါယကာ။

မှန်ပါဘုရား။

ကံမွဲ ဥာဏ်နုံ့, မလုံ့မလ, နတ် မ,မဘူး၊ အလသမျိုး, အကျိုးယွင်းယို, အလိုလျော့ရည်း, မကျော့ကျည်းနှင့်, ကိုယ်လည်းလုံးလ, နတ်လည်းမ၍, တောင့်တ ကြံရာ, မြန်မကြာလျှင်, လွယ်ကာကိစ္စ, ပြီးနှိုင်ကြ၏။

ကဲ ဒါယကာ သဘောပေါက်ရဲ့လား?

လောကမှာ ကံ ကလဲမွဲ၊ ဥာဏ်ကလဲနဲ၊ ၀ီရိယကလဲနဲ ဆိုရင်တော့ စောင့်ရှောက်ချင်တဲ့ နတ်တွေကတောင် ရှောင်သွား တတ်သေးတယ်၊ မ မ တော့ဘူး။ ဒါကြောင့် ဒါယကာရေ့ လူကလဲ လုံးလပြုပါ၊ ဥာဏ်လဲရှိပါ၊ နတ်မ ပါလိမ့်မယ်တဲ့။ လိုရာပြီးမြောက် ပါလိမ့်မယ်တဲ့။

များသောအားဖြင့် လူပြိန်း လူအတွေက, ကံ, ဥာဏ်, ၀ီရိယ မယုံခြင်ကြဘူး။ ဗိဿနိုး နတ်မင်းကြီး ဖန်ဆင်းပေးတာ၊ ဗြဟ္မာမင်းကြီးတွေက ဖန်ဆင်းပေးထားတာ၊ ကမ္ဘာစောင့် နတ်မင်းကြီးများက ပြုလုပ်ပေးတာပါလို့ ထင်နေကြတာ၊ ယူစွဲနေကြတာ။ အပြစ်ပြောတာ မဟုတ်ဘူးနော် လူတိုင်းဟာ မျှော်မြင်မှု ကင်းလာရင် ဒီလိုပဲ ယူဆတတ်ပါတယ်။ ဘယ်သူ ဘယ်သူတွေ ရကြတာ ချစ်သူဖြစ်ကြတာ ဖူးစာရေး နတ်ကဖန်ဆင်းတာ သီဝနတ်ကြီးက လုပ်ပေးလိုက်တာ စသည်ဖြင့် လူပြိန်း လူအတွေ ယုံကြည် နေတတ်ကြတယ်။

ဘယ်ဟုတ်မလဲ ဒါယကာ ကံ, ဥာဏ်, ၀ီရိယ နဲ့ သွားနေတာ။ အဖြေမှန်ကို သူတို့မှ မရှာနှိုင်တာ၊ အဲဒီတော့ အရာရာ ဖန်ဆင်းရှင်ကို ရှာရပြီပေါ့။

အန္ဓဗာလ, လူ့ ထိုမျှတို့, ကမ္မ ၀ီရိယ, မယုံကြဘူး၊ သီဝ မဟေ, ပရမေသွာ, ဗြဟ္မာ ဗိဿနိုး, ကမ္ဘာစိုးနှင့်၊ တန်ခိုးကြီးမား, နတ်ဘုရားတို့, ပေးစား ဖန်ဆင်း, ဖြစ်တုံလျင်းဟု, ချွတ်ယွင်းသမှု, အမှားရှုသည်, တောင်သူ့ ယူလေ့, ယူလာတည်း။

မုဒုံဆရာတော်
 
Left   Right
 
 Grey Arrow ဓမ္မစာစောင်များ
 Grey Arrow ဓမ္မသင်တန်း အမှတ်စဉ် (၇)
 Grey Arrow အဆုံးနဲ့ အစ
 Grey Arrow ရောင်စုံည မုဒိတာလမင်း
 Grey Arrow ဓမ္မသင်တန်း အမှတ်စဉ် (၆)
 Grey Arrow စိန်ရတုတိုင် မမေ့နိုင်ပါ
 Grey Arrow ဓမ္မစာစောင်များအပြည်.အစုံသို.
 Grey Arrow ဓမ္မကဗျာများ
 Grey Arrow ကျောင်းအဆောက်အဦအလှူ အကျိုးတရားများ
 Grey Arrow ကထိန်သင်္ကန်းအလှူ အကျိုးတရားများ
 Grey Arrow ဆွမ်းအလှူ အကျိုးတရားများ
 Grey Arrow ဓမ္မကဗျာများအပြည်.အစုံသို.
 Grey Arrow အခြားဖတ်စရာမှတ်စရာများ
 Grey Arrow အင်္ဂလန်ခရီး မပြီးသေးပါ (၂၃)
 Grey Arrow မွေးနေ့မှာ ပေးဖြစ်တဲ့ ကံလက်ဆောင် (၂)
 Grey Arrow ကွန်ပြူတာ၊ ကီးဘုဒ်နှင့် ကြောင်းကျိုးဆက် သဘောတရား
 Grey Arrow တံခါးဝက တရားပြတဲ့ ဂုဏ်ပြုမှတ်တမ်း
 Grey Arrow ငြိမ်းချမ်းခြင်းရသ
 Grey Arrow ဖတ်စရာများအပြည်.အစုံသို.
လန်ဒန်ဝိဟာရ၏ အင်တာနက်စာမျက်နှာများကို အမေ့အိမ် (မြန်မာအစားအစာ) မိသားစုမှ ဖန်တီးလှူဒါန်းပါသည်။
ရရှိသမျှ ကုသိုလ်အဖို့ ကို သြဂုတ်လ ၆ ရက်၊ ၂၀၀၁ နေ့ တွင်ကွယ်လွန်သွားခဲ့သော အမေ့အိမ်၏မိခင်ကြီး ဒေါ်ခင်သန်းနွဲ့ အတွက်ရည်စူးအမျှ ပေးဝေပါသည်။

  Copyright 2017 LONDON VIHARA™ REGISTERED CHARITY NUMBER 284619