Head Banner
   ဗုဒ္ဓသာသနံစိရံတိဋ္ဌထု
  လန်ဒန်ဝိဟာရ
 Grey Arrow  သီတင်းသုံးသံဃာတော်များ
 Grey Arrow  ၀ိဟာရ၏နောက်ခံသမိုင်း
 Grey Arrow  ၀ိဟာရ၏တည်နေရာ
 Grey Arrow  ၀ိဟာရ၏ အကျိုးဆောင်များ
 Grey Arrow  ၀ိဟာရသို့ ဆက်သွယ်ရန်
  အလှူဒါနပြုကြသူငါ
 Grey Arrow  ဆွမ်းဆက်ကပ် လှူဒါန်းသူများ
 Grey Arrow  ပစ္စည်းလေးပါးအလှူရှင်များ
 Grey Arrow  ၀ိဟာရပြုပြင်ရန်အလှူရှင်များ
 Grey Arrow  ၀ါဆိုသင်္ကန်းအလှူရှင်များ
 Grey Arrow  ကထိန်သင်္ကန်းအလှူရှင်များ
  စိတ်ဝင်စားစရာ
 Grey Arrow  ဓမ္မစာစောင်များ
 Grey Arrow  တရားတော်များနာယူရန်
 Grey Arrow  ရုပ်မြင်သံကြားတရားတော်များ
 Grey Arrow  ၀ိဟာရ၏ဓါတ်ပုံမှတ်တမ်းများ
 Grey Arrow  ၀ိဟာရ၏ဗီဒီယိုမှတ်တမ်းများ
 Grey Arrow  ရက်ရာဇာပြဿဒါးပြက္ခဒိန်
 
 
Left ချမ်းသာကို ရှာလိုသော် Right
 
မုဒုံဆရာတော်
ချမ်းသာခြင်းဆိုတာ အမျိုးမျိုးရှိပါတယ်၊ ကိုယ်၏ ချမ်းသာခြင်း, စိတ်၏ ချမ်းသာခြင်း, လောကီ၏ ချမ်းသာခြင်း, လောကုတ္တရာ၏ ချမ်းသာခြင်း, စတဲ့ သဘောတရားတွေပါပဲ။ ကိုယ်က ဘယ်လိုဘယ်ပုံ ချမ်းသာခြင်းမျိုးကို ရှာလိုတာလဲ ဆိုတာပါပဲ။ စိတ်ချမ်းသာမှု တစ်ခုသာ ရှာလိုတာလား, ကိုယ်ချမ်းသာမှုရော မလိုဘူးလား, သို့မှမဟုတ် လောကီချမ်းသာကို ရှာလိုတာလား, လောကုတ္တရာ ချမ်းသာကို ရှာလိုတာလားဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြဖို့ပါ။

အဲဒီ ချမ်းသာပုံတွေ ရှာကြည့်ကြမယ် ဆိုပါလျှင် လောကုတ္တရာ ချမ်းသာကိုတော့ ထားလိုက်ပါဦး, လောကီနယ်ထဲက ချမ်းသာမှုတွေကိုပဲ အရင်ရှာကြမယ်။ ကိုယ်ချမ်းသာခြင်းဆိုတာ ကျမ်းမာရေး လုံလောက်လို့ ရောဂါကင်းရှင်းနေရင် ပြည့်စုံပါတယ်။ စိတ်ချမ်းသာခြင်း ဆိုတာကလဲ စိတ်အလိုအတိုင်း ဖြစ်နေရင် ပြည့်စုံပါတယ်။ လောကီချမ်းသာခြင်း ဆိုတာကလဲ သုံးမကုန် စွဲမကုန် စည်းစိမ်ဥစ္စာတွေ ရှိနေပါရင် ပြည့်စုံတယ်။ သို့ပေမဲ့ သင့်ထံသို့ ဇိရဏဆိုတဲ့ ခန္ဓာရဲ့ ရင့်ရော်မှုတရားတွေ, အရေအသားတွေ တွန့်လိပ်, အရိုးအကြောတွေ ဖြိုင်းဖြိုင်းထ, ရွတ်တွနေတဲ့ အိုမှုတရားတွေဟာ ရောက်မလာနိုင်ပါဘူးလို့ မဆိုသာ, မုချသေချာ ရောက်လာပါလျှင် သင်အဘယ်သို့ ဖြစ်နေမည်နည်း? ထို.. အရာတို့သည် သင်အလိုရှိလို့ ရှာနေတဲ့ ချမ်းသာတွေပဲလား?။

သွားကျိုးခြင်း, ဆံဖြူခြင်း, မျက်စေ့မှုံခြင်း, နားထိုင်းခြင်း, ခါးကိုင်းခြင်းစတဲ့ ဣဒြေတို့၏ ဆုတ်ယုတ်ခြင်းတွေဟာ သင့်ထံသို့ ရောက်မလာနိုင်ပါဘူးလို့ မဆိုသာ, မုချသေချာ ရောက်လာသော် သင်သည် အဘယ်သို့ ဖြစ်နေမည်နည်း? ထို.. အရာတို့သည် သင်အလိုရှိလို့ ရှာနေတဲ့ ချမ်းသာတွေပဲလား?။

ဘ၀တသက်တာ အရှင်ဗာကုလတို့လို အနာမဲ့လို့ နေစေဦးတော့ သေခါနီးမှာ တွေ့ကြုံခံစား ရတတ်တဲ့ နာမှုစသော တရားတွေ ရောက်လာပါလျှင်, သေအံ့ဆဲဆဲ ခံရတဲ့ နာကျင်မှုဒုက္ခတွေ ရောက်မလာနိုင်ပါဘူးလို့ မဆိုသာ, မုချသေချာ ရောက်လာပါလျှင်, သင်သည် အဘယ်သို့ ဖြစ်နေမည်နည်း? ထို.. အရာတို့သည် သင်အလိုရှိလို့ ရှာနေတဲ့ ချမ်းသာတွေပဲလား?။

သေခြင်းတရားက တံခါးခေါက်လို့ သင့်ထံကို ရောက်မလာနိုင်ပါဘူးလို့ မဆိုသာ, မုချသေချာ ရောက်လာခဲ့ပါလျှင် ငါသေရတော့မှာပဲလို့ ကိုယ့်ကိုကိုယ် သိလိုက်ရတဲ့အချိန် သင်သည် အဘယ်သို့ ဖြစ်နေမည်နည်း? ထို.. အရာတို့သည် သင်အလိုရှိလို့ ရှာနေတဲ့ ချမ်းသာတွေပဲလား?။

မျက်မှောက်ဘ၀မှာ ထိုအရာတို့ မတွေ့ကြုံရသေးလို့ မသိရသေးပါဘူး ဆိုလျှင်တော့ အမှန်ကိုအမှား, အမှားကိုအမှန်, ပြောင်းပြန် ထင်တတ်တဲ့ အ၀ိဇ္ဇာတရားရဲ့ လှည့်ပတ် ကွယ်ဝှက်ထားမှုကြောင့် သင်ဟာ သဘာဝအမှန်ကို မသိလိုက်တာပဲ ဖြစ်ပါတယ်။ လိုရာပြည့်စုံလို့ စိတ်ချမ်းသာမှု အချိန်တိုင်း ဖြစ်နေခဲ့ပါစေ အကယ်၍များ အထက်ပါ အိုမှုစသော အကြောင်းအရာတွေ သင့်ထံသို့ ရောက်မလာနိုင်ပါဘူးလို့ မဆိုသာ, မုချသေချာ ဆိုက်ရောက်လာခဲ့သော် သင့်၏စိတ်ဝယ် အဘယ်သို့ ခံစားမိမည်နည်း? ထို.. အရာတို့သည် သင်အလိုရှိလို့ ရှာနေတဲ့ ချမ်းသာတွေပဲလား?။

လောကီအာရုံတွေ လုံလောက် စိတ်သွားတိုင်းကိုယ်ပါ လိုရာရနေခဲ့တယ် ဆိုစေဦးတော့ အကယ်၍များ အထက်ပါ အိုမှုစသော အကြောင်းအရာတွေ သင့်ထံသို့ ရောက်မလာနိုင်ပါဘူးလို့ မဆိုသာ, မုချသေချာ ဆိုက်ရောက်လာခဲ့သော် သင့်၏စိတ်ဝယ် အဘယ်သို့ ခံစားမိမည်နည်း? ထို.. အရာတို့သည် သင်အလိုရှိလို့ ရှာနေတဲ့ ချမ်းသာတွေပဲလား?။

ခန္ဓာကိုယ်က မကျန်းမာ ဥစ္စာဓနက ရှားပါးသော်လည်း လောကုတ္တရာတရား ပွားများခြင်းကြောင့် စိတ်မှာတွယ်ကပ် ဆင်းရဲအောင် ညှင်းဆဲတတ်တဲ့ အနုသယကိလေသာကို ဆိုင်ရာမဂ်က နိုင်ရာကို ပယ်သတ်လို့ ကင်းကွာသွားပြီး ကိလေသာ၏ ချုပ်နှောင်မှု တုတ်နှောင်မှုတို့မှ လွတ်မြောက်လို့ စင်ကြယ်တဲ့ စိတ်အစဉ် ဖြစ်လာပြီဆိုပါလျှင် ဗြဟ္မာမင်းတို့၏ချမ်းသာ, နတ်မင်းတို့၏ချမ်းသာ, စကြာဝတေး မင်းတို့၏ချမ်းသာ, လောကီချမ်းသာ ဘယ်ချမ်းသာနဲ့မှ မနှိုင်းသာ မယှဉ်သာတဲ့ လောကုတ္တရာတရား၏ ချမ်းသာကို ရရှိခံစားရတော့ တာပါပဲ။့ ထိုချမ်းသာမျိုး သင့်ထံသို့ ရောက်မလာနိုင်ပါဘူးလို့ မဆိုသာ, မုချသေချာ ဆိုက်ရောက်လာခဲ့သော် သင့်ရဲ့စိတ်ဝယ် အဘယ်သို့ ခံစားမိမည်နည်း? ထိုချမ်းသာမှုတို့သည် သင်အလိုရှိလို့ ရှာနေတဲ့ ချမ်းသာတွေပဲလား?။

အဘယ်သို့သော ချမ်းသာသည် ချမ်းသာအစစ်လဲဆိုတာ သုံးသပ်လို့ ဆုံးဖြတ်နိုင်ကြရန် မှတ်သားစရာ မှတ်ထားစရာ အတိတ်က ပုံရိပ်တစ်ခုကို ထုတ်ဖေါ်လို့ ကြည့်မယ်ဆိုလျှင် ဘုရားရှင်၏ ရွှေလက်ထက်တော်ကပဲပေါ့။

ရာဇဂြိုဟ်မြို့မှာ သုပ္ပဗုဒ္ဓလို့ အမည်ရတဲ့ ဆင်းရဲသား အနာကြီးရောဂါသည် တစ်ယောက် ရှိခဲ့ဘူးတယ်။ သူ့မှာ စားဖို့အတွက် တောင်းစရာ အိမ်တွေရှိတယ်၊ နေဖို့အတွက် မြို့လယ်ဇရပ်တွေရှိတယ်။ သူ့လက်ရှိဘ၀အတွက် အသက်ရှည် တည်နေနိုင်ဖို့ အရာအားလုံး သူ့ရဲ့ဝန်းကျင်မှာ ရှိနေပါတယ်။ သူ့မှာ မရသေးတာ မရှိသေးတာက ယခင်ဘ၀က မကောင်းခဲ့လို့.. ယခုဘ၀ မကောင်းပဲ ဖြစ်နေသည်, ယခုဘ၀ ကောင်းမှ နောက်ဘ၀ ကောင်းပါလိမ့်မည် ဆိုတဲ့ ဘ၀ရဲ့အမှန်မြင်မှု ဒဿန တစ်ခုဘဲပေါ့။

တနေ့မှာ မနက်စာအတွက် အိမ်စဉ်လှည့် တောင်းနေခိုက် ဘုရားရှင်၏ ဆွမ်းအနုမောဒနာတရား ကြုံကြိုက်လို့ ပရိသတ်၏နောက်ကွယ်မှ နာလိုက်ရတဲ့ ကျေးဇူးကြောင့် ဆိုင်ရာမဂ်က နိုင်ရာကိလေသာကို ပယ်သတ်လိုက်တာ ဘ၀အဆက်ဆက် သံသရာ အဆက်ဆက်က မသိလာခဲ့တဲ့ မမြင်လာခဲ့တဲ့ ယံကိဥ္စိ သမုဒယ ဓမ္မံ၊ သဗံ္ဗ တံ နိရောဓ ဓမ္မ န္တိ အလုံးစုံသော ဖြစ်ခြင်းတရားတို့သည် အလုံးစုံသာ ပျက်ကြကုန်၏ ဟု အမှန်တရားတွေ ဘွားကနဲ ပေါ်လာပါတော့တယ်။

တရားပွဲပြီးလို့ ဘုရားရှင် ကျောင်းတော်အပြန် သူသိတဲ့ အမှန်တရား လျှောက်ထားဖို့ ဘုရားရှင်နောက်ကို လိုက်အသွား.. ဟေ့ သုပ္ပဗုဒ္ဓလို့ ခေါ်လိုက်တဲ့အသံ မြို့ပြင်အထွက် လမ်းခုလတ်မှာ ကြားလာတော့ မော့ကြည့်လိုက်ပါတယ်။ သူမမြင်ဘူးတဲ့ အထူးအဆန်းမို့ သင်ဘယ်သူတုန်းလို့ မေးလိုက်တဲ့အခါ ငါဟာ သိကြားမင်းပဲတဲ့ မြို့အထဲ မင်းပြန်ပြီးသွားပါ ဗုဒ္ဓေါ- နဗုဒ္ဓေါ, ဓမ္မော- နဓမ္မော, သံဃော- နသံဃော, ဘုရားဟာ ဘုရားအစစ် မဟုတ်သလို, တရားဟာ တရားအစစ်မဟုတ်, သံဃာဟာ သံဃာအစစ် မဟုတ်ပါလို့ လှည့်လည်ကြွေးကြော်ပါ မင်းဟာ အထီးကျန်သူ တစ်ယောက်ဖြစ်တယ်, ဥစ္စာဓန ဆင်းရဲနေတယ်, အိမ်စဉ်လှည့် တောင်းစားနေရတယ်, နူနာရောဂါတွေရှိနေတယ်၊ ရောဂါလဲပြောက်စေ, အပိုင်းအခြား မရှိသော ဥစ္စာလဲပေါစေ, မင်းလိုရာ ပြည့်စေဖို့ လူချမ်းသာတစ်ယောက် ဖြစ်စေဖို့ရာ ငါ့တာဝန်သာ ဖြစ်ပါတယ်လို့ သိကြားမင်းက ဆိုလိုက်ပါတယ်။

{ဒီနေရာမှာ သင်သာဆိုပါလျှင် ဘယ်ပုံ ဘယ်နည်း အဖြေပေးမည်နည်း?} သင်ဟာ အလွန်မိုက်မဲသော, အရှက်တရား ကင်းမဲ့သော သိကြားမင်းပဲတဲ့။ သင်သည် ငါနှင့် စကားပြောခြင်းငှာ မထိုက်သော သူသာဖြစ်တယ်။ သင်ထင်သလို ငါသည် လူဆင်းရဲ တစ်ယောက်မဟုတ်, ဥစ္စာဓန များစွာကြွယ်ဝသော ပြည့်စုံသော သူသာဖြစ်တယ် ဟဲ့..သိကြား သင်သည် ယခုပင် ငါ့၏အနားမှ လျင်စွာထွက်သွားပါ.. သင်နှင့်ငါ စကားမပြောလိုဟု မောင်းထုတ်လိုက်ပါတယ်။

သိကြားမင်းသည် သုပ္ပဗုဒ္ဓ ပြောဆိုသော ထိုစကားကိုကြားရ၍ ကျောင်းတော်ကို လျင်စွာသွားလျှက် မြတ်စွာဘုရားရှင်အား သုပ္ပဗုဒ္ဓနှင့် ပြောဆိုခဲ့သော အကြောင်းအရာများကို လျှောက်ထားလေသော် မြတ်စွာဘုရားရှင်က နတ်တို့သနင်း သိကြားမင်း သုပ္ပဗုဒ္ဓ၏ ပြောဆိုမှုတို့သည် မှန်၏။ သူ့မှာ ဥစ္စာဓနတို့သည် ရှေ့သွားရမည့် သံသရာတလျှောက်လုံး သုံး၍မကုန်အောင် ရှိနေ၏။ သူ၏ ရတနာတို့သည် လျော့သွားဘွယ်မရှိ နေ့စဉ်အမျှ တိုးပွား၍သာနေနိုင်၏။ သူ၏ ဥစ္စာရတနာတို့ကို မီးသည် လောင်ခြင်းငှာ မစွမ်းနိုင်၊ ရေသည် မျောခြင်းငှာ မစွမ်းနိုင်၊ မင်းသည်လည်း သိမ်းဆည်းခြင်းငှာ မစွမ်းနိုင်၊ ခိုးသူတို့သည်လည်း ခိုးယူခြင်းငှာ မစွမ်းနိုင်၊ အမွေခံဆိုးတို့သည်လည်း သုံးစွဲခြင်းငှာ မပြုနိုင်ပေ။

နတ်တို့သနင်း သိကြားမင်း သူ၏ ဥစ္စာရတနာ တို့သည်ကား ဘုရားအစရှိသော အရိယာအပေါင်း သူတော်ကောင်းတို့၏ သုံးဆောင်ခြင်းငှာ ထိုက်သော ရတနာတို့သာ ဖြစ်ပေ၏။ နတ်တို့သနင်း သိကြားမင်း ထို ဥစ္စာရတနာ တို့သည်ကား ကံ-ကံ၏အကျိုးကို ယုံကြည်ခြင်း ပစ္စုပ္ပန်လောက တမလွန်လောကကို ယုံကြည်ခြင်း ရတနာသုံးပါး၏ ကျေးဇူးတော် ဂုဏ်တော်အပေါင်းကို ယုံကြည်ခြင်းဟု ဆိုအပ်သော သဒ္ဓါဥစ္စာ။ သီလကို ကောင်းစွာဆောက်တည် ကျင့်သုံးခြင်းဟု ဆိုအပ်သော သီလဥစ္စာ။ မကောင်းမှု ဒုစရိုက်မှ ရှက်ခြင်းဟု ဆိုအပ်သော ဟိရီဥစ္စာ။ မကောင်းမှု ဒုစရိုက်မှ ထိတ်လန့်ခြင်းဟု ဆိုအပ်သော သြတ္တပ္ပဥစ္စာ။ ကြားနာအပ်သော သူတော်ကောင်းတရားကို ဆည်းပူးခြင်းဟု ဆိုအပ်သော သုတဥစ္စာ။ ဆွမ်း သင်္ကန်း ကျောင်း ဆေး စသောဒါန၀တ္ထုကို ပေးလှူကြောင်းဖြစ်သော စေတနာဟု ဆိုအပ်သော စာဂဥစ္စာ။ အကျိုးရှိသည်၏အဖြစ် အကျိုးမရှိသည်၏ အဖြစ်ကို သိမြင်ကြောင်းဖြစ်သော ပညာဥစ္စာတို့ဖြစ်ပေ၏။

နတ်တို့သနင်း သိကြားမင်း ဤလောက၌ အမျိုးသမီးသည်၎င်း အမျိုးသားသည်၎င်း ဆိုခဲ့ပြီးသော ဥစ္စာရတနာတို့သည် ရှိကုန်ငြားအံ့ ထိုသူသည် လူဆင်းရဲမဟုတ်၊ လူချမ်းသာဟုသာ ခေါ်ဆိုထိုက်ပေ၏။ ထိုသူ၏ အသက်ရှည် တည်နေရခြင်းသည် အချည်းနှီး အကျိုးမဲ့ အသက်ရှည်ခြင်းမဟုတ်၊ အကျိုးရှိသော မြတ်သော အသက်ရှည် တည်နေခြင်းသာ ဖြစ်ပေ၏ဟု ဘုရားရှင်တို့သည်၎င်း၊ ပစ္စေကဗုဒ္ဓါတို့သည်၎င်း၊ ရှေးရှေးသော သူတော်သူမြတ် အပေါင်းတို့သည်၎င်း၊ ချီးမွမ်းတော် မူကြကုန်၏ဟု ဟောပြတော် မူလိုက်ပါတယ်။ သုပ္ပဗုဒ္ဓသည် လောကီအနေအားဖြင့် အောက်တန်းကျ ဆင်းရဲနေရသော်လဲ လောကုတ္တရာတရား သူတော်ကောင်းဥစ္စာများ ရရှိပိုင်ဆိုင်ထားသူ ဖြစ်သောကြောင့် တကယ့်လူချမ်းသာဟု ခေါ်ဆိုထိုက်ကြောင်းနှင့် ချမ်းသာတကာတို့တွင် လောကုတ္တရာ ချမ်းသာသည် အသာလွန်ဆုံးဆိုတာ သိစေလိုရင်းပါပဲ။

ဒီနေရာမှာ စဉ်းစားပါ အဘယ်သို့သော ချမ်းသာသည်သာ မိမိမျက်မှောက် ဘ၀အတွက် အရေးပါ အရာရောက်ဆုံး ဖြစ်နိုင်ခဲ့ပါသနည်း? အတိတ်ကံကောင်း ပစ္စုပ္ပန် အကြောင်းလှသဖြင့် လောကီဓန ပြည့်စုံကြလျှင်လည်း အဘယ်ချမ်းသာမျိုးကို ကျိုးစားရှာသင့်ပါသနည်း? အတိတ်ကံဆိုး ပစ္စပ္ပန်အကျိုးမလှ၍ ဥစ္စာဓန နည်းပါးကြလျှင်လည်း အဘယ်ချမ်းသာမျိုးကို အချိန်နဲ့ အခါကိုကြည့်လျှက် ကျိုးစားရှာသင့်ပါသနည်း? ဘယ်လိုဘ၀မျိုးနဲ့ အခြေအနေမျိုးမှာ ကျင်လည်၍ နေကြရစေကာမူ ဘုရားသာသနာတွေ့ခိုက် ငါသည် ဘာကိုလုပ်ထိုက်ပါသနည်း? ရှာလိုက်ဖွေလိုက် ပျော်လိုက်ပါးလိုက် မူးလိုက်မော်လိုက်နဲ့ အ၀ိဇ္ဇာ အမှောင်တိုက်ကြီးထဲမှာ အချိန်ုတွေဖြုန်းတီး အချီးနှီးဘ၀နဲ့ မိုက်မနေကြဖို့ကိုတော့ အရေးကြီးလှ ပါကြောင်းကို ရှေးသံဝေဂ ဓမ္မလင်္ကာလေးနဲ့ သတိပေးလိုက်ပါရစေ.

*** ဆိုပိန့်မှန်ရာ စဉ်းစားပါလော့, ဂင်္ဂါဝါဠု ပမာပြုသား မြတ်ဘုရားတို့, တရားရောင်ဝါ ထွန်းလင်းဖြာလျှက်, သာသနာပြုပွဲ ဆင်ယင်နွှဲလဲ, တေ့လွဲ. တွေ့လွဲ. မတွေ့လွဲဟု, အလွဲသုံးလွဲ လွဲကြီးလွဲ၍ ၀ဋ်ထဲလည်ကာ, ရှည်မြင့်ကြာခဲ့ ခုမှာတဖန် ကြုံတွေ့ပြန်သို့, အမှန်တရား မလိုက်စားပဲ မိုက်မှားနေကြ, ဟန်ဆောင်ပြလျှက် နှုတ်ကနိဗ္ဗာန်, ရလိုသံဖြင့် ဖန်ဖန်ပြောကြ, လုပ်သမျှမှာ လောဘတဏှာ စီးပွားသာတည်း။ ဇရာဒုက္ခ နှိပ်စက်ပြလဲ.. ဗျာဓိဒုက္ခ နှိပ်စက်ပြလဲ.. မရဏဒုက္ခ နှိပ်စက်ပြလဲ.. လောကစည်းစိမ် တင်းမတိမ်ပဲ, သေချိန်တိုင်စွဲ မေ့အားသဲသည်, တွေ့လွဲ လွဲရ အုန်းတော့မည်တကား။

မုဒုံ ဆရာတော်..
 
Left   Right
 
 Grey Arrow ဓမ္မစာစောင်များ
 Grey Arrow ဓမ္မသင်တန်း အမှတ်စဉ် (၇)
 Grey Arrow အဆုံးနဲ့ အစ
 Grey Arrow ရောင်စုံည မုဒိတာလမင်း
 Grey Arrow ဓမ္မသင်တန်း အမှတ်စဉ် (၆)
 Grey Arrow စိန်ရတုတိုင် မမေ့နိုင်ပါ
 Grey Arrow ဓမ္မစာစောင်များအပြည်.အစုံသို.
 Grey Arrow ဓမ္မကဗျာများ
 Grey Arrow ကျောင်းအဆောက်အဦအလှူ အကျိုးတရားများ
 Grey Arrow ကထိန်သင်္ကန်းအလှူ အကျိုးတရားများ
 Grey Arrow ဆွမ်းအလှူ အကျိုးတရားများ
 Grey Arrow ဓမ္မကဗျာများအပြည်.အစုံသို.
 Grey Arrow အခြားဖတ်စရာမှတ်စရာများ
 Grey Arrow အင်္ဂလန်ခရီး မပြီးသေးပါ (၂၃)
 Grey Arrow မွေးနေ့မှာ ပေးဖြစ်တဲ့ ကံလက်ဆောင် (၂)
 Grey Arrow ကွန်ပြူတာ၊ ကီးဘုဒ်နှင့် ကြောင်းကျိုးဆက် သဘောတရား
 Grey Arrow တံခါးဝက တရားပြတဲ့ ဂုဏ်ပြုမှတ်တမ်း
 Grey Arrow ငြိမ်းချမ်းခြင်းရသ
 Grey Arrow ဖတ်စရာများအပြည်.အစုံသို.
လန်ဒန်ဝိဟာရ၏ အင်တာနက်စာမျက်နှာများကို အမေ့အိမ် (မြန်မာအစားအစာ) မိသားစုမှ ဖန်တီးလှူဒါန်းပါသည်။
ရရှိသမျှ ကုသိုလ်အဖို့ ကို သြဂုတ်လ ၆ ရက်၊ ၂၀၀၁ နေ့ တွင်ကွယ်လွန်သွားခဲ့သော အမေ့အိမ်၏မိခင်ကြီး ဒေါ်ခင်သန်းနွဲ့ အတွက်ရည်စူးအမျှ ပေးဝေပါသည်။

  Copyright 2017 LONDON VIHARA™ REGISTERED CHARITY NUMBER 284619