Head Banner
   ဗုဒ္ဓသာသနံစိရံတိဋ္ဌထု
  လန်ဒန်ဝိဟာရ
 Grey Arrow  သီတင်းသုံးသံဃာတော်များ
 Grey Arrow  ၀ိဟာရ၏နောက်ခံသမိုင်း
 Grey Arrow  ၀ိဟာရ၏တည်နေရာ
 Grey Arrow  ၀ိဟာရ၏ အကျိုးဆောင်များ
 Grey Arrow  ၀ိဟာရသို့ ဆက်သွယ်ရန်
  အလှူဒါနပြုကြသူငါ
 Grey Arrow  ဆွမ်းဆက်ကပ် လှူဒါန်းသူများ
 Grey Arrow  ပစ္စည်းလေးပါးအလှူရှင်များ
 Grey Arrow  ၀ိဟာရပြုပြင်ရန်အလှူရှင်များ
 Grey Arrow  ၀ါဆိုသင်္ကန်းအလှူရှင်များ
 Grey Arrow  ကထိန်သင်္ကန်းအလှူရှင်များ
  စိတ်ဝင်စားစရာ
 Grey Arrow  ဓမ္မစာစောင်များ
 Grey Arrow  တရားတော်များနာယူရန်
 Grey Arrow  ရုပ်မြင်သံကြားတရားတော်များ
 Grey Arrow  ၀ိဟာရ၏ဓါတ်ပုံမှတ်တမ်းများ
 Grey Arrow  ၀ိဟာရ၏ဗီဒီယိုမှတ်တမ်းများ
 Grey Arrow  ရက်ရာဇာပြဿဒါးပြက္ခဒိန်
 
 
Left မျက်မှောက်ခေတ် သာသနာရေး အခြေအနေ Right
 
မုဒုံ ဆရာတော်
မြတ်စွာဘုရားသာသနာ-၂၃၅-နှစ်ကြာမြင့်လာသောအခါ သာသနာတော်အတွင်းဝယ် ရဟန်းတု { ၆၀၀၀၀} ကျော်ဝင်ရောက်လာပြီး ဥပဇ္ဈယ် ဆရာမရှိပဲ အချင်းချင်း ကတုံးတုံး သင်္ကန်းဆည်း ရဟန်းဟု အမည်ခံ၍ လုပ်ချင်သလို လုပ်နေကြရာ သာသနာလွန်စွာမှ ညှိုးမှိန်လာခဲ့ပြီး ၀ိနည်းတော်နှင့်အညီ ကျင်သုံးတော်မူကြသော ရဟန်းမြတ်တို့မှာ လွန်စွာချို့တဲ့ အတိဒုက္ခ ရောက်ခဲ့ကြရလေသည်။

ထိုအခြေအနေတွင် သီရိဓမ္မာသောက မင်းကြီးသည် သာသနာကို ကြည်ညိုလှသဖြင့် အယောင်ဆောင် ၀င်လာကြသော ရဟန်းတုများအား လူဝတ်လဲစေခြင်း၊ သာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းတို့ဖြင့် သာသနာတော် ညှိုးနွမ်းနေမှုတို့ကို ပြန်လည်ထိမ်းသိမ်း စောင့်ရှောက်ခဲ့ပေသည်။

တတိယ သံဃာယနာ တင်ပြီးနောက်မှာ သီရိဓမ္မာသောကမင်းကြီးသည် ကိုးတိုင်း ကိုးဌာန သာသနာပြု အဖွဲ့များ စေလွှတ်ခဲ့ပြီး အကြီးမားဆုံးသော လူသာမန်တို့ ပြုလုပ်ခြင်းငှာ မစွမ်းနှိင်တဲ့ သာသနာပြု လုပ်ငန်းကြီးတခုကို မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာအနှံ့ ပြုလုပ်ခဲ့တဲ့ ကျေးဇူးကြောင့် ကမ္ဘာ့အင်ပါယာကြီး၏ ငါးပုံလေးပုံမှာ ဗုဒ္ဓသာသနာ လွှမ်းမိုးသွားခဲ့ရလေသည်။ ဗုဒ္ဓသာသနာ ကမ္ဘာလွှမ်းသည့် အချိန်ဟု ဆိုနိုင်ပါသည်။

ယခုမျက်မှောက်ခေတ် သာသနာရေး အခြေအနေမှာ စစ်မှန်သည့် ထေရ၀ါဒ ဗုဒ္ဓသာသနာသည် မြန်မာ၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ ငါးနိုင်ငံသာ ရှိပါတော့သည်။ ကမ္ဘာ့လူဦးရေဖြင့် နှိုင်းယှဉ်လျှင် သန်းပေါင်း {၆၀၀၀} ကျော်ရှိသော လူသားကမ္ဘာတွင် ဗုဒ္ဓဘာသာဝင် လူဦးရေမှာ သန်းပေါင်း{၂၅၀} ခန့်သာ ရှိနိုင်တော့ကြောင်း ပညာရှင်များ ခန့်မှန်းအဖြေ ထုတ်ခဲ့ကြပါသည်။ ယခင်ဗုဒ္ဓဘာသာဝင် ကမ္ဘာ့လူဦးရေ၏ {၈၀} ရာနှုန်းမှ ယခုဗုဒ္ဓဘာသာဝင် လူဦးရေမှာ {၄} ရာနှုန်းအထိ ကျဆင်းလာကြောင်း မှန်းဆသိရှိရပါသည်။ ထေရ၀ါဒ ငါးနိုင်ငံထဲမှာလည်း မြန်မာနိုင်ငံသည် ကမ္ဘာ့စာမျက်နှာပေါ်မှာ ဘာသာ သာသနာ ယဉ်ကျေးမှုတို့ဖြင့် လှပတင့်တယ်စွာ ထင်ရှားပေါ်လွင် နေခဲ့သေး၏။ လွန်ခဲ့သောနှစ်ပေါင်း အတော်ကြာကာလက ယုံကြည်ကိုးကွယ် ဆည်းကပ်လာခဲ့ကြသည့် ကျေးဇူးကြောင့်ပင် ယခု ဖူးတွေ့နေကြရသည့် လေးဆူဓာတ်လှုံ ရွှေတိဂုံ စေတီတော်ကြီးနှင့်အတူ သာသနိက အဆောက်အဦးတို့သည်လည်း နေရာအနှံ့ ဒေသအနှံ့ မြို့ ရွာအနှံ့ ကြီးကျယ်ခမ်းနား ဆန်းပြားစွာ ထင်ရှားရှိခဲ့ကြပါသေးသည်။

ထို့အတူ ဘုရားဟော ဒေသနာတော်များ ဖြစ်ကြသည့် သုတ္တန် ပိဋ္ဋကတ်၊ ၀ိနည်း ပိဋ္ဋကတ်၊ အဘိဓမ္မာ ပိဋ္ဋကတ်သုံးပုံ နှတ်ငုံ ဆောင်တော်မူနိုင်ကြသော ဆရာတော်ကြီးများ ပုဂ္ဂိုလ်ကျော် ကြီးများမှာလည်း မြန်မာနိုင်ငံ တစ်နိုင်ငံထဲ၌သာလျှင် အထင်အရှား ရှိခဲ့ပါသည်။

ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓ သာသနာတော် သုံးရပ်သည်လည်း နေလပမာ ထင်ရှား၍ ကမ္ဘာမှာ တရားစစ် တရားမှန်ကို လိုလားကြသူမှန်သမျှ မြန်မာနိုင်ငံကိုပဲ အဓိကထား၍ သွားကြရလိမ့်မည်ဟု ဆိုရမလောက် ဖြစ်ခဲ့ရပါသည်။ သာသနာတော်၏ ရေသောက်မြစ်ဖြစ်သည့် ပရိယတ္တိ စာသင်တိုက်ကြီးများမှာလည်း စာသင်သား သံဃာတော်များ ထောင်ဂဏန်းချီ၍ မြို့ ရွာအနှံ့ စာသင်စာချ သာသနာတော်အတွက် ဆောင်ရွက်နေခဲ့ကြသည်မှာ အထင်အရှားပင်ဖြစ်သည်။

ပဋိပတ္တိ သာသနာ့ရိပ်သာ နိဗ္ဗာန် ဆိပ်ကမ်းသာ ဌာနကြီးတို့သည်လည်း ရန်ကုန် မန္တလေး အလှမ်းမဝေးသည့် မော်လမြိုင် မုဒုံ မြို့ ကြီး မြို့ငယ် ကျေးရွာအစ တရားပြ တရားဟော ဓမ္မသဘင် ပွဲကြီးတွေ ဆင်နွှဲနေခဲ့ကြတာ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပါသည်။

ဆင်းရဲလေလေ သံဝေရရ တရားရှာ တရားနာနေကြတဲ့ သူတွေဟာ အလွန့်အလွန်ကို ၀မ်းမြောက်စရာ ကောင်းလောက်အောင် များပြားလှပါသည်။ သံဃာတော် လေးသိန်းကျော် သီတင်းသုံး သာသနာပြုနေတဲ့ မြန်မာနိုင်ငံ၊ ရွှေဝါရောင်လွှမ်းနေတဲ့ မြန်မာနိုင်ငံ၊ ဘုရားကျောင်းကန် မှန်မှန်သွားလို့ ကုလိုလ် ပွားနေကြသည်မှာ တာဝတိံသာ နတ်ပြည် နန္ဒ၀န်ဥယဉ် နတ်သဘင်တမျှ စည်ကားနေခဲ့သေးသည်။ ပြည်သူ လူထုတို့မှာလည်း စားသုံးစရာပေါများ ဈေးနှုန်းကသက်သာ ၀မ်းသာ ချမ်းသာ ပျော်ရွှင်တဲ့မျက်နှာ ရှိခဲ့ကြသည်။

ထိုသို့ ဖြစ်ပေါ်ရခြင်း အကြောင်းရင်းတို့ကို ထောက်ဆရှာဖွေသော် ဘုရားရှင်၏ အလောင်းတော် ဘ၀များစွာမှာ ဖြည့်ဆည်းတော်မူခဲ့သည့် ပါရမီကျေးဇူးတော်၊ ဘုရားဖြစ်ပြီးနောက် အနန္တစင်္ကြာဝဠာ သတ္တ၀ါအားလုံးတို့အား အမှန်တရားတို့ကို သိမြင်စေရန်နှင့် ပညာဥာဏ်အလင်းကို ထင်ရှားစွာ ရရှိကြစေရန် အကြီးမားဆုံးသော မဟာကရုဏာတော် မေတ္တာတော်ဖြင့် ဟောကြားတော်မူခဲ့သော ဓမ္မကျေးဇူးတော်၊ ဘုရားရှင်၏ တပည့်သာဝကကြီးများ ဖြစ်ကြသော အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်အာနန္ဒာ၊ အရှင်မဟာကဿပနှင့် ခေတ် အဆက်ဆက် သာသနာပြုလာခဲ့ကြသော သံဃာတော် အရှင်မြတ်များ ပါဝင်သော မျက်မှောက်ခေတ် သံဃာထု၏ ကျေးဇူးတော်၊ ခေတ် အဆက်ဆက် သာသနာ့အကျိုး ပံ့ပိုးပေးခဲ့ကြသော အာဏာပိုင် ရှေးသူတော်ကောင်း {သောတာပန်} ဗိမ္ဗိသာရမင်းစသော သာသနာပြု မင်းကောင်းမင်းမြတ်တို့၏ ကျေးဇူးတော်၊ သာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထောင့်ပံ့ပူဇော် ချီးမြှောက်ပေးခဲ့ကြသော အဆက်ဆက် သာသနာဝင် {သောတာပန်} အနာထပိဏ်သူဋ္ဌေး မှအစ အများပြည်သူ လူထုတို့၏ ကျေးဇူးတော်တို့ကို မုချတွေ့ရပေမည်။

သာသနာ့ သမိုင်းတလျောက် အဆက်ဆက် ကျေးဇူးပြုခဲ့ကြသော ကျေးဇူးရှင်အားလုံးတို့၏ ဘ၀ပေါင်း မြောက်များစွာတို့၌ အသက်သွေးပေါင်း မြောက်များစွာဖြင့် ထူထောင်လာခဲ့ ထိန်းသိမ်း စောင့်ရှောက်လာခဲ့ကြရသော တန်ဖိုးဖြတ်၍ မရနိုင်သော အနဂ္ဃ ရတနာတို့ဖြင့် ပြည့်လျမ်းနေသော ဗုဒ္ဓသာသနာတော်ကြီးကို မျိုးဆက်သစ် ယနေ့ခေတ် ဗုဒ္ဓဘာသာဝင် အပေါင်းတို့က သာသနာ့ကျေးဇူး ရှေးသူတော်ကောင်းတို့၏ ကျေးဇူးတရားတို့ကို တုံ့ပြန်ပေးဆပ်သောအားဖြင့် ဆက်လက်ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ကြရန် အထူးပင် လိုအပ်လှပေသည်။

ဘာသာ သာသနာ၏ အဆုံးအမကြောင့် ယဉ်ကျေးသိမ်မွှေ့ကာ သဒ္ဓါတရားများပြား အချင်းချင်း မေတ္တာတိုးပွား ကိုယ်ချင်းစာစိတ် ရှေ့ထားကြလျက် ညီညွတ်စွာဖြင့် သာသနာကို အားပေးတတ်ဖို့ စောင့်ရှောက်တတ်ဖို့လည်း လိုအပ်လှပေသည်။

စာရေးသူအနေဖြင့် အမြင်တခုကို ပြောရပါလျှင် မြန်မာနိုင်ငံ၏ မျက်မှောက်ခေတ် သာသနာရေး အခြေအနေမှာ သာသနာတော် {၂၅၀၀} ကျော်လာသည်နှင့်အမျှ ဘာသာရေးဦးဆောင် ရဟန်းတော်တို့သည်၎င်း၊ ဘာသာဝင် လူတို့သည်၎င်း များသောအားဖြင့် ကိုးကွယ်ရာ ရတနာသုံးပါးအပေါ် သဒ္ဓါတရား နည်းပါးလာခြင်း၊ ကိုယ်ကျင့်တရား ပျက်စီးလာခြင်း၊ လူသားအချင်းချင်း ကိုယ်ချင်းစာစိတ်နှင့် မေတ္တာတရား၊ ကရုဏာတရား ခေါင်းပါးလာခြင်း၊ မုဒိတာ မပွားနိုင်ကြပဲ ဣဿာတရားတို့ဖြင့် အတ္တ မာန ကြီးပွားလာကြသည်ကိုသာ တွေ့နေရပေသည်။

လူသားကမ္ဘာကြီးမှာ တစ်ဦးနှင့်တစ်ဦး၊ တစ်ယောက်နှင့်တစ်ယောက်၊ တစ်သင်းနှင့်တစ်သင်း၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်အုတ်စုနှင့် တစ်အုတ်စု၊ တစ်ရွာနှင့်တစ်ရွာ၊ တစ်မြို့နှင့်တစ်မြို့၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပေါ်နဲ့အောက်၊ အာဏာရှိသူ အာဏာမဲ့သူ အချင်းချင်း အာဃာတစိတ်ထား လောဘ ဒေါသ မောဟ တွေများ၍ ခိုက်ရန် ဖြစ်ပွားနေကြသည်မှာ ဘာသာတရား၏ အရိပ်အာဝါသအောက်၌ မနေခြင်း၊ ဘာသာတရား၏ အဆုံးအမကို မရရှိတော့ခြင်း၊ ဆုံးမသူ ရှိသော်လည်း လိုက်နာကျင့်သုံးမှု မရှိကြခြင်းပင် ဖြစ်ပေသည်။ ဤသို့သာ ဗုဒ္ဓဘာသာ ရွှေမြန်မာတို့သည် ဘ၀ခရီး ရှေ့ဆက်ကြမည်ဆိုပါက အနာဂါတ် သာသနာနှင့် အနာဂါတ် ဗုဒ္ဓဘာသာမြန်မာလူမျိုး ငယ်ရွယ်သူတို့ သဏ္ဍာန်၌ ယဉ်ကျေးမှုနှင့် ဘာသာတရားတို့သည် ရင်လေးဖွယ်ရာ ရင်မအေးဖွယ်ရာ မစဉ်းစားဝံ့အောင်ပင် ဖြစ်ပေမည်။

ယဉ်ကျေးမှုဟူသည် ဘာသာတရားတိုင်း၏ အောက်ဝယ်ရှိသည်။ သူ့ဘာသာတရားနှင့် သူ့ယဉ်ကျေးမှုပင် ဖြစ်သည်။ မိမိယဉ်ကျေးမှုနှင့် မကိုက်ဟုဆိုကာ အပြစ်မဆိုအပ်ပေ။ ဘာသာတရား ပျောက်ကွယ်လျှင် ယဉ်ကျေးမှု ပျောက်ရတော့မည်သာဖြစ်ပါသည်။ ယဉ်ကျေးမှုနှင့် ဘာသာတရားသည် လူမျိုးတိုင်း၏ တန်ဖိုးတခုပင်ဖြစ်သည်။ ၎င်းအရာနှစ်ခုကို သီးခြားခွဲထား၍လည်း မဖြစ်နိုင်ပေ။ ဥပမာဆိုရသော် အခြားဘာသာတခုမှ ဗုဒ္ဓဘာသာသို့ ပြောင်းလာခဲ့သည်ဖြစ်အံ့၊ ထိုသူသည် မူလဘာသာ၏ အယူအဆ အတွေး အခေါ်များနှင့်အတူ ယဉ်ကျေးမှုကိုပါ ပြောင်းလဲရတော့မည်မှာ အမှန်ပင်။ ထို့အတူ ဗုဒ္ဓဘာသာ တယောက်သည် အခြားဘာသာသို့ ပြောင်းသွားမည် ဆိုခဲ့သော် ဘာသာတရား ပျောက်ကွယ်၍ ယဉ်ကျေးမှုပါ ပျောက်သွားမည်ကို နားလည်သိမြင်လောက်ပါပြီ။

ထို့ကြောင့် ရွှေမြန်မာတို့သည် လူမျိုးကိုချစ်တတ်လျှင် ယဉ်ကျေးမှုကို မြတ်နိုးလျှင် မိမိတို့၏ ကိုးကွယ်အားထားရာ ရတနာသုံးပါးကို မမေ့ကြရန်နှင့် ဘာသာတရားကို လေ့လာကြရန် ဘာသာတရား၏ လမ်းညွှန်သည့်အတိုင်း ကျင့်သုံးနေထိုင်ကြရန်မှာ မိမိတို့၏ ကိစ္စ၊ မိမိတို့၏ တာဝန်သာဖြစ်ကြောင်းကို နားလည် သဘောပေါက်လောက်ပါပြီဟု စာရေးသူ ယူဆလိုက်ပါပြီ။

စာဖတ်ပရိသတ်တို့အား တင်ပြရန် နောက်တချက်မှာ သာသနာ့ သမိုင်းတလျောက် အလွန်တရာမှ အကျည်းတန် အရုပ်ဆိုးစေခဲ့သော ကမ္ဘာ့စာမျက်နှာပေါ်ဝယ် အမဲစက်ထင်ခဲ့ရသော ဖြစ်ရပ်တစ်ခုမှာ {၂၀၀၇- ခု စက်တင်ဘာ- ၂၆ } ရက်နေ့ပင်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ နှလုံးသားကို ဓားထက်ထက်နှင့် အမွှမ်းခံရသကဲ့သို့၎င်း၊ ဦးခေါင်းကိုရိုက်ခွဲ၍ အသဲကို ဆုပ်ကိုင်ခံရသကဲ့သို့၎င်း၊ ခန္ဓာကိုယ်ကို အတွင်းအပြင် ပြောင်းပြန်အလှန် ခံရသကဲ့သို့၎င်း၊ ရက်စက်စွာ- ယုတ်မာစွာ- လူမဆန်စွာ အပြုလုပ်ခြင်း ခံခဲ့ရသော နေ့ပါပဲ။

ထိုနေ့သည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း မေ့ပြောက်လို့ မရနိုင်သော နေ့တနေ့အဖြစ် မဖိတ်ခေါ်ပါပဲလျက် ရောက်လာခဲ့ပါတယ်။ မမျော်လင့်ပါပဲလျက် တွေ့လာခဲ့ပါတယ်။ ရင်နင့်ဖွယ်ရာ နေ့တနေ့၊ သာသနာ သွေးစွန်းသော နေ့တနေ့၊ အဆုံးစွန်ပြောရလျှင် အချို့သောသူတို့က ကမ္ဘာမကြေသောနေ့ဟုပင် ဆိုကြပါတယ်။ ရှိပါစေတော့ စာရေးသူ အနေဖြင့် ထိုနေ့ကို ရိုးရိုးလေး ပြောရလျှင် မေ့ပျောက်၍ မရသောနေ့- ဟုပင် သတ်မှတ် လိုက်ပါမယ်။

အဘယ့်ကြောင့် ဆိုရသော် ကမ္ဘာလူသားထုကြီးတခုလုံး ပွင့်အံလာတဲ့ အသံလှိုင်းက ယုတ်မာ ရက်စက်တဲ့ စစ်အစိုးရတဲ့။ ကမ္ဘာက ထွက်လာတဲ့ ထိုအသံလှိုင်းဟာ အခြားသော ကမ္ဘာတို့သို့ပင် ရောက်ဖွယ်ရှိသည် စင်္ကြာဝဠာ အနန္တ ကမ္ဘာအနန္တ။

မှန်၏ လောက၌ ယုတ်မာသောစိတ် ရှိသူသည်သာ ရက်စက်မှု သရဖူကို ဆောင်းတတ်ပါတယ်။ မောဟ တရားတို့ဖြင့် တွေဝေသောသူသည် အမှန်ကိုအမှား အမှားကိုအမှန် ပြောင်းပြန်ထင်တတ်ပါတယ်။ ပြုသင့်သည် မပြုသင့်သည်တို့ကို မဝေခွဲနိုင်ပါ။ ယုတ်မာစိတ်ရှိသော သူတို့ထံ၌ ဝေခွဲနိုင်စွမ်းသော အသိဥာဏ်သည် ကန်းနေတတ်ပါတယ်။ မျက်စေ့အစုံ ကန်းသောသူသည် မျက်မှောက်ဘ၀ တခု၌သာ ဘရမ်းပတာ ရောက်တတ် ဖြစ်တတ်ငြားသော်လည်း၊ မောဟ၏ သားကောင် အသိဥာဏ် ကန်းသောသူသည် ဘ၀အဆက်ဆက် သံသရာ အဆက်ဆက် ဒုဂ္ဂတိလေးပုံတို့၌ ဘရမ်းပတာ ရောက်တတ် ဖြစ်တတ်သည်တို့ကို သတိ သံဝေဂ ယူစရာပင်ဖြစ်ပါတယ်။

မောဟတရား၏ သားကောင်တို့ ယုတ်မာမှုသည် အလွန်ကြောက်မက်ဖွယ် ထိတ်လန့်ဖွယ် ကောင်းပါလှတယ်။ ရက်စက်သည်ဟု ပြောရလောက်သော အရာတို့သည်၊ ခြေတို့ကိုဖြတ်ခြင်း၊ လက်တို့ကိုဖြတ်ခြင်း ခန္ဓာကိုယ်ကို သားလှီးဓားဖြင့် အစိတ်စိတ် အမွှာမွှာ မွှန်းခြင်း လောက်ဖြင့်ပင် ပြီးပြည့်စုံနိုင်ပါတယ်။ ယုတ်မာသည်ဟု ပြောရလောက်သော အကြောင်းအရာတို့သည်ကား ထိုမျှမက အလွန်ပင်များပြား ကျယ်ပြန့်လှပါတယ်။

မောဟ၏ သားကောင် အသိဥာဏ် ကင်းသောသူသည်၊ လက်ရှိ စည်းစိမ် ရာထူး အာဏာ ပါဝါတို့ အပေါ်၌ သာယာတပ်မက်တဲ့ တဏှာ၊ ငါသည်သာ ငါလို့ ထောင်လွှားတဲ့ မာနနဲ့ ဒိဋ္ဌိ၊ မိမိ၏ နေရာကို ၀င်ယူမည်ဟု ထင်သော- မိမိနှင့် တန်းတူရည်တူ ရှိလာနိုင်သောသူတို့ အပေါ်၌ ကောင်းစားလာမည်ကို မလိုလား ၀န်တိုသည့် {မစ္ဆရိယ}၊ မိမိထက် အရာရာ သာလွန်နေသော သူတို့အပေါ်၌ မနာလိုသည့် {ဣဿာ}၊ ထိုသို့သော ကိလေသာတရားတို့ဖြင့် ညမှာလည်း မအိပ်စက်နိုင်၊ နေ့မှာလည်း မစားနိုင်ပဲ မှိုင်တွေငေးမောလျက် မျက်မှောက် ဘ၀၌သည်ပင် လူ့-ပြိတ္တာ အငယ်စားဖြစ်ကာ ကိုယ့်ကိုကိုယ် နှိပ်စက်လို့ အနှိက်စက်ခံဘ၀ ရောက်နေပါတယ်။

အချိန်တိုင်းမှာ ဘယ်သူကို အဘယ်သို့ ညှင်းဆဲရမည်၊ နှိပ်စက်ရမည်၊ အရှက်တကွဲ အကျိုးနည်းအောင် လုပ်ဆောင်ရမည်တို့ကို တွေးတောကြံဆ နေရသဖြင့် နေ့၌လည်းဆင်းရဲ၊ ည၌လည်းဆင်းရဲ ကိလေသာ အပူမီးလောင်မြှိုက်၍ အသားအရည်ချောက်ခန်း စိတ်ပင်ပန်းနေရသဖြင့် လူ့- ငရဲသားဘ၀ကို ရောက်မှန်းမသိ ရောက်နေရပါတယ်။

မိမိက မမှန်တာ မဟုတ်တာတွေကို သိသဖြင့်၎င်း၊ မသိသဖြင့်၎င်း၊ မှန်တယ် ဟုတ်တယ် ထင်မှတ်ပြီး လုပ်ထားတာဖြစ်လေတော့၊ ဘယ်သူကိုတွေ့တွေ့ ဘယ်သူ့ကိုမြင်မြင် စိမ်းသူကျက်သူ မရွေး မျက်စေ့ ဒေါက်ထောက် ကြည့်နေမိမှာ အမှန်ပါ။ မိမိထံသို့ တန်ပြန် သက်ရောက်လာမည့် မကောင်းကျိုးတွေကို ထိတ်လန့်လျက် မျက်စေ့ပျက် မျက်နှာပျက် ဣနြေ္ဒချို့လောက်အောင်ပင် နိုင်သူကိုဟိန်းရ ဟောက်ရ၊ ကြောက်သူကို အရိုအသေပေး ခယလုပ်ကျွေး မျက်နှာချိုသွေး နေရလို့ လူ့-အသူရကယ် ဘ၀ပါပဲ။

ထိုသူတို့သည် ကျားသတ္တ၀ါကဲ့သို့ မိမိ၌ရှိသော ပါဝါအင်အားဖြင့် ကြီးနိုင်ငယ်ညှင်းပြု၍ သူပိုင်ပစ္စည်း ဥစ္စာဓနတို့ကို အရယူသည်။ ကျီးကန်းပမာ လစ်ရင်လစ်သလို သူပိုင်ပစ္စည်း ဥစ္စာဓနတို့ကို အလစ်သုတ် ခိုးယူသည်။ ခွေးသတ္တ၀ါကဲ့သို့ အချင်းချင်း စားခွက်လုကာ ချုပ်ချယ်ရန်မူသည်။ အကြံတူ ရန်သူဆိုသကဲ့သို့ ဥစ္စာရရေး ရာထူးအာဏာ ရရေးနှင့် ပတ်သက်လာလျှင် ရိုက်ပုတ်ညှင်းဆဲ သတ်ဖြတ်သည်။ ဤသို့အားဖြင့် ကျား၏အသွင် ကျီးလျှင်အတူ ခွေးမူအကျင့်စရိုက် လက္ခဏာရှိသော ထိုသူတို့မှာ သနားကြင်နာမှု စာနာမှု ညှာတာထောက်ထားမှု တရားမျှတမှု ဘာတခုမျှမရှိ ဘယ်သူသေသေ ငတေမာပြီးရော ဆိုသလို ဥစ္စာဓန ရာထူးအာဏာ ရမည်ဆိုပါလျှင် ဘနဖူး သိုက်တူးကြမည့် ၀ိသမလောဘကြောင့် တိရိစ္ဆာန်နှင့်မခြား နိမ့်ကျသောစိတ်ထားဖြင့် လူစင်စစ်က တိရိစ္ဆာန်ပင် ဖြစ်နေပါသည်။

ဤသို့ဖြင့်ပင် ယုတ်မာသော ကောက်ကျစ်သော ညှာတာမှုကင်းသော စိတ်ထားရှိသူသည် လောကငရဲကို မသေမီ ရောက်နေရသည်။ သေသည်၏ နောက်တွင်လည်း ငရဲရှစ်ထပ်၌ သင့်သလို ခံရမည်မှာ အမှန်ပင်ဖြစ်ပါသည်။

ရင်နင့်ဖွယ်ရာ နောက်တစ်ခုမှာ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ လေးဆူဓာတ်လှုံ ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ရင်ပြင်ပေါ်ဝယ် ဘုရားသားတော် ရဟန်းတော်တို့၏ သွေး-ကျခဲ့ရသည့် အစွန်းကွက်ကြီးသည် ယနေ့တိုင် မပျောက်ကွယ်သေးပါ။ နှစ်တစ်ရာတိုင် အကြိမ်ကြိမ် ရေနဲ့ဆေး သော်လည်း ထင်ကျန်ခဲ့သော ထိုသွေးရောင်သည် ပျောက်သွားမည် ပျက်သွားလိမ့်မည် မဟုတ်ပါပေ။ အဘယ့်ကြောင့်ဆိုသော် သမိုင်းတစ်ခုသည် ဖျောက်ဖျက်မရသော အရာတစ်ခု ဖြစ်သောကြောင့်ပင်။

ဆွမ်းနဲ့သင်္ကန်း ကျောင်းနဲ့ဆေး နေ့စဉ်ပေးနေတဲ့ အလှူရှင်တို့အတွက် {၁}စားဝတ်နေရေး ပြေလည်ပြီး ကုန်ဈေးနုန်းကျဆင်းဖို့၊ {၂}လူမှုဘ၀ သာယာရေး တွေ့ဆုံဆွေးနွေးဖို့၊ {၃}ပခုက္ကူမြို့ သံဃာတော်များကို လမ်းမီးတိုင်မှာ ကြိုးနဲ့တုတ် ဒုတ်နဲ့ရိုက် သေနပ်ဒင်နဲ့ ထုခဲ့ထောင်းခဲ့တဲ့ မိမိတို့အမှား ၀န်ချတောင်းပန်ဖို့၊ {၄}အပြစ်မဲ့ ပြည်သူတွေ မတရားချုပ်နှောင်ထားခြင်းမှ လွှတ်ပေးဖို့၊ တောင်းဆိုလျက် မေတ္တသုတ် ရွတ်တော်မူကြတဲ့ သံဃာတော်တို့အား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ ချုပ်နှောင်ခြင်း၊ ပစ်မှုကျူးလွန်သော တရားခံများကဲ့သို့ လက်ထိပ်ခတ်ခြင်း၊ ပုံစံပေးခြင်း၊ သံဃာတော်တို့အား လူပုဂ္ဂိုလ် တရားခံများပမာ ရိုင်းပြစွာ ဆဲဆိုဆက်ဆံ၍ သင်္ကန်းချွတ် ထောင်အ၀တ်ကို ၀တ်စေခြင်း၊ အပြစ်ကြီး ထောင်သားများပမာ ရဲဘက်စခန်းများ၌ ကျောက်ခွဲ ကျောက်ထု ထမင်းချက် ရေခပ် လူတကာစွန့်သည့် မစင်ပုံးကို သွန်ခိုင်းခြင်းသည် အလွန့်အလွန်ပင် စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်သည်။

အခြားသော ဘာသာဝင်တို့သည်ပင် မခံမရပ်နိုင်သော မနှစ်မျို့စရာဖြစ်သော အခြေသို့ ရောက်လာခဲ့ရသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ဤသို့ပင်လော ဤသို့ပင်လောဟု ကိုးကွယ်ရာ ဘာသာတရား၏ အပေါ်၌ ယုံမှားဖွယ် ဖြစ်ကြရသည်။ ကမ္ဘာမှာ မြန်မာလို့ ဘာသာနဲ့ ယဉ်ကျေးမှု ဦးမော့နေချိန်မှာ ခေါင်းငုံ့သွားရသည့် ဖြစ်ရပ်သည် မည်သူ့မှာ တာဝန်ရှိပါသနည်း။

 
Left   Right
 
 Grey Arrow ဓမ္မစာစောင်များ
 Grey Arrow ဓမ္မသင်တန်း အမှတ်စဉ် (၇)
 Grey Arrow အဆုံးနဲ့ အစ
 Grey Arrow ရောင်စုံည မုဒိတာလမင်း
 Grey Arrow ဓမ္မသင်တန်း အမှတ်စဉ် (၆)
 Grey Arrow စိန်ရတုတိုင် မမေ့နိုင်ပါ
 Grey Arrow ဓမ္မစာစောင်များအပြည်.အစုံသို.
 Grey Arrow ဓမ္မကဗျာများ
 Grey Arrow ကျောင်းအဆောက်အဦအလှူ အကျိုးတရားများ
 Grey Arrow ကထိန်သင်္ကန်းအလှူ အကျိုးတရားများ
 Grey Arrow ဆွမ်းအလှူ အကျိုးတရားများ
 Grey Arrow ဓမ္မကဗျာများအပြည်.အစုံသို.
 Grey Arrow အခြားဖတ်စရာမှတ်စရာများ
 Grey Arrow အင်္ဂလန်ခရီး မပြီးသေးပါ (၂၃)
 Grey Arrow မွေးနေ့မှာ ပေးဖြစ်တဲ့ ကံလက်ဆောင် (၂)
 Grey Arrow ကွန်ပြူတာ၊ ကီးဘုဒ်နှင့် ကြောင်းကျိုးဆက် သဘောတရား
 Grey Arrow တံခါးဝက တရားပြတဲ့ ဂုဏ်ပြုမှတ်တမ်း
 Grey Arrow ငြိမ်းချမ်းခြင်းရသ
 Grey Arrow ဖတ်စရာများအပြည်.အစုံသို.
လန်ဒန်ဝိဟာရ၏ အင်တာနက်စာမျက်နှာများကို အမေ့အိမ် (မြန်မာအစားအစာ) မိသားစုမှ ဖန်တီးလှူဒါန်းပါသည်။
ရရှိသမျှ ကုသိုလ်အဖို့ ကို သြဂုတ်လ ၆ ရက်၊ ၂၀၀၁ နေ့ တွင်ကွယ်လွန်သွားခဲ့သော အမေ့အိမ်၏မိခင်ကြီး ဒေါ်ခင်သန်းနွဲ့ အတွက်ရည်စူးအမျှ ပေးဝေပါသည်။

  Copyright 2017 LONDON VIHARA™ REGISTERED CHARITY NUMBER 284619